
၁၆.၅.၂၀၂၅
Written By Zun
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့လယ်တွင် အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက ဓားထောက် လုယက်မှု ယနေ့ မေလ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်သမားများက လမ်းလျှောက်လာသော အမျိုးသမီးအား ဓားကိုထုတ်၍ ရှေ့ကတားဆီးကာ ရှိသမျှအကုန်ပေးဟုဆိုသောကြောင့် လက်ကိုင်ဖုန်းကို ပေးလိုက်ပြီးနောက် ပိုက်ဆံအိတ်ကိုပါ ယူသွားကြောင်း၊ ပိုက်ဆံအိတ်ထဲတွင် ဆွဲကြိုးနှင့် ငွေကြေးအချို့ပါသွားကြောင်း သိရသည်။
အဆိုပါ လုယက်သူများမှာ Mask တပ်ထားကြသော အသက်ငယ်ရွယ်သူများ ဖြစ်ကြောင်းသိရှိရသော်လည်း မျက်နှာကို သဲသဲကွဲကွဲ မမြင်ရကြောင်းလည်း သိရသည်။
လုယက်ခံရသူအမျိုးသမီးက ပြောဆိုချက်အရ ငွေမရှိ၍ ဆွဲကြိုးကို အပေါင်ဆိုင်တွင် သွားပေါင်ရန် သွားရောက်စဉ် အထက်ပါအတိုင်း လုယက်ခံရခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။
“၁၀၂၇ ဖြစ်စဉ်ကတည်းကပဲ မူဆယ်က နစက အုပ်ချုပ်ရေး အောက်မှာ ရှိတယ်။ အစိုးရအုပ်ချုပ်ရေးယန္တရားက မူဆယ်မှာ အားလုံးရှိတယ်။ တပ်မတော်၊ ရဲ၊မူးယစ်၊ လူကုန်တား အကုန် ရှိတယ်လေ။ ဌာနဆိုင်ရာ အကုန်လုံးက လုံခြုံရေးကိစ္စတွေ လုပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့တွေက မြို့ပေါ်ကို ယိုစိမ့်နေတဲ့ အခက်အခဲတွေ ရှိနေတယ်။ တိုင်းရင်းသားလက်နက်ကိုင်၊ PDF တွေ ရှိတယ်။ မူဆယ်မှာက လုယက်မှုတွေ၊ ဓားပြတွေဆိုတာကလေ ၁၀၂၇ ဖြစ်စဉ် မတိုင်ခင်ကတည်းက ဖြစ်နေတာ။ အခုလည်း လက်နက်ကိုင်တွေက ယိုစိမ့်နေတာတွေ ရှိနေတော့ ဒီလို ဖြစ်တဲ့အပေါ် မြို့ပေါ်အုပ်ချုပ်ရေးအဖွဲ့ကလည်း ကင်းလှည့်ပြီး လုံခြုံရေး လုပ်နေပါတယ်”ဟု မူဆယ် ဒေသခံက MT News ကို ပြောသည်။
