



၁၆.၅.၂၀၂၅
Written by Hey Mar
မြန်မာနိုင်ငံရဲ့ ငလျင်ဒဏ်ထိထားတဲ့ ဒေသတွေမှာ အခုနှစ်မိုးရာသီအတွင်း မိုးပိုမိုရွာသွန်းနိုင်လို့ မြေပြိုတာ၊ မြေကျွံကျပြီး အက်ကွဲကြောင်းအရာတွေ ထပ်မံပေါ်ပေါက်လာနိုင်တာမို့ သတိပြုစိုးရိမ်ရမယ့် အခြေအနေမှာရှိကြောင်း မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဆိုပါတယ်။
လက်ရှိအချိန်မှာ Weather Station တွေရဲ့ ထုတ်ပြန်ချက်တွေအရလည်း မြန်မာပြည်အထက်ပိုင်းဒေသတွေမှာ မိုးပိုနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပြီး ပြီးခဲ့တဲ့ မေလ ၄ ရက်ကနေ အခုရက်ပိုင်းအတွင်း မိုးရွာပြီး ငလျင်ခတ်ထပ်မံလှုပ်ခတ်မှုတွေအတွင်း အဆောက်အဦတွေပြိုတာ၊ အက်ကွဲကြောင်းတွေ ထပ်မံ ပေါ်လာတာမျိုး မန္တလေးမြို့နဲ့ နေပြည်တော် ကောင်စီနယ်မြေတစ်ဝိုက်မှာ ထပ်မံ ဖြစ်ပေါ်လာနေကြောင်းလည်း MT News က စုံစမ်းသိရှိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ပေါင်းလောင်း (၁)၊ ၁၁ လမ်းမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက သူမနေအိမ်ခြံဝန်းအတွင်း မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ အက်ကွဲကြောင်းတွေနဲ့ ရေတွင်းကို ပြန်လည်ပြုပြင်ထားပေမယ့် အခု မေလ ၁၄ ရက်နဲ့ ၁၆ ရက်အတွင်းအတွင်း မိုးရွာသွန်းမှုတွေ အပြီးမှာတော့ အရင်က သူမြေဖို့ပြုပြင်ထားတဲ့အက်ကွဲကြောင်းတွေအပြင် အက်ကွဲကြောင်းသစ်တွေ ထပ်မံပေါ်လာတယ်လို့ ပြောပြပါတယ်။
အဆိုပါ အမျိုးသမီးက “အမ ခြံဝန်းထဲက ရေတွင်းက မတ်လ ၂၈ ရက် ငလျင်လှုပ်အပြီးမှာ တွင်းအပြည့် မြေသားအဖြစ်ပြောင်းသွားတာ။ နောက်ပြီး နောက်ဖေးမီးဖိုဆောင် နိမ့်သွားတယ်။ ခြံထဲက မြေအက်ကြောင်းတွေကနေ ရေနဲ့ ရွံ့တွေ ထွက်လာတာပေါ့။ အဲ့ဒါကို အမက ရေတွင်းကို ပြန်ဆယ်ပြီး အက်ကြောင်းတွေကို ပြန်ဖို့ထားတာ။ အခုရက်ပိုင်း မိုးရွာတော့ အက်ကြောင်းတွေက အမ အပေါ်ယံ တုတ်နဲ့ ထိုးကြည့်လို့ရသလောက်ဆို တစ်ပေလောက် အနက်တွေ ပေါ်လာတာ။ အောက်မှာ ဘာတွေ ဖြစ်နေလဲတော့ သေချာမသိဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
မေလ ၁၄ ရက်နေ့မှာလည်း နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ ဧလာအနီးကို ဗဟိုပြုပြီး မေ(၁၄)ရက် နံနက်(၅:၁၅)နာရီ အချိန် မန္တလေးငလျင်ကြီး နောက်ဆက်တွဲငလျင်ငယ် (၃.၆) အဆင့် ပြင်းအားရှိ ငလျင် လှုပ်ခတ်ခဲ့ရာ ပေါစံခေါကျေးရွာ၊ ရွာဦးကျောင်းဝန်းအတွင်းရှ်ိ တံခွန်တိုင်ကြီးမှာ အောက်ခြေက ပြတ်ထွက်ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့ကလည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၅ လမ်းနဲ့ ၈၂ လမ်းထောင့်က ၈ ထပ်တိုက် တစ်တိုက်ဟာ မိုးများပြီးတဲ့နောက်မှာ အောက်ဆုံးက မြေညီထပ်နဲ့ ပထမထပ်တို့ ပြိုကျ နိမ့်ဝင်သွားတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
မိုးလေဝသနဲ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ” မိုးရွာတဲ့အခါ အက်ကြောင်းတွေအောက်ဘက်က ဂလိုင်ဖြစ်နေတဲ့နေရာတွေကို အပေါ်ယံ မြေတွေက ရေနဲ့အတူစီးဝင်သွားတဲ့အခါ အရင်က မတွေ့ရတဲ့ အက်ကြောင်းတွေပေါ်လာမှာပါ။ ဘယ်နေရာတွေမှာ ထပ်ပေါ်လာတယ်ဆိုတာ သတင်းအစုံရဖို့တော့ ခက်ခဲပါလိမ့်မယ်ဗျ။ ဒါကြောင့် ငလျင်ဒဏ်ထိထားတဲ့ ဒေသတွေအားလုံး သတိရှိနေကြရမှာပါ။ မြေကျွံတာ၊ မြေကျွံပေါက်(Sink hole)ဖြစ်တာ၊ အိမ်တွေရဲ့ Foundation နိမ့်ကျပြီး စောင်းသွားတာ၊ ပြိုတာတွေ ဖြစ်လာနိုင်ပါတယ်” လို့ ရှင်းပြပါတယ်။
မေလ ၂၈-၂၉-၃၀ ရက်တွေအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ မုန်တိုင်းဖြစ်နိုင်ခြေ ပိုများလာပြီး မြန်မာနိုင်ငံအတွင်း တစ်နိုင်ငံလုံးကို အနောက်တောင်မုတ်သုံလေဝင်ရောက်ပြီးတဲ့ရက်နဲ့ တိုက်ဆိုင်နေခြင်း၊ ပင်လယ်ပြင်မှာ ထူးခြားမိုးလေဝသအခြေအနေတွေဖြစ်ပေါ်ခြင်းတို့ကြောင့် မေလ ၂၅-၂၆ ရက်နေ့မှ စပြီး နေရာအနှံ့အပြားမှာ မိုးအသင့်အတင့်မှ မိုးများတာတွေ ရှိလာနိုင်ကြောင်းလည်း မိုးလေဝသနဲ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူက ခန့်မှန်းထားပါတယ်။
