



၁၄.၅.၂၀၂၅
Photo by Thiri
ခေတ်စနစ်တွေ ဘယ်လိုပဲ ပြောင်းလဲနေပြီး ရုပ်ဝတ္ထုတွေ ဘယ်လိုပဲ တိုးတက်လာနေလည်း တချို့လူတွေအတွက်ကတော့ နှောင်းခဲ့တဲ့ အမှတ်ရစရာတွေကသာ သူတို့ကို စိတ်ကျေနပ်ပျော်ရွှင်မှု အပြည့်အဝရစေနိုင်တာပါ။
ရှေးဟောင်းလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ကာလတစ်ခုမှာ မမေ့နိုင်စရာ အမှတ်တရတွေကလည်း အဲ့ဒီရုပ်ဝတ္ထုပစ္စည်းတွေနဲ့ အတူတွဲပါနေတတ်ပါတယ်။
ငယ်ငယ်က ရေနံဆီမီးအိမ်နဲ့ စာကြည့်ခဲ့ရ ကြိုးစားခဲ့ရပြီး အခုချိန် လျှပ်စစ်မီးရောင်အောက် ပြည့်စုံကြွယ်ဝနေတဲ့သူတစ်ဦးရဲ့ အမှတ်တရနဲ့ ဘဝမှတ်တိုင်ထူနိုင်ခဲ့တဲ့ ရေနံဆီမီးအိမ်လေးတစ်ခုကို အခုလိုအချိန်မှာ အသုံးမဝင်ရင်တောင် သိမ်းဆည်းထားချင်တတ်တာမျိုးကလည်း မိုအားနားလို့ နာမည်ပေးထားတဲ့ရှေးဟောင်းပစ္စည်းဆိုင် တည်ရှိနေရတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်လာပါတယ်။
မိုအားနား ရှေးဟောင်းပစ္စည်းအရောင်းဆိုင်က အမှတ်(၄၁)၊ ရွှေရတနာလမ်း၊ (၅၅) ရပ်ကွက် တောင်ဒဂုံ မြို့နယ်မှာ တည်ရှိပါတယ်။ အဲ့ဒီဆိုင်မှာ နှစ်ပေါင်း ခုနစ်ဆယ်ကျော်ကနေ တစ်ရာနီးပါးအထိ ရှေးဟောင်းပစ္စည်းတွေ ပြသရောင်းချနေပါတယ်။
ကိုယ်တိုင် ရှေးခေတ်အသုံးအဆောင်တွေကို မြတ်နိုးတတ်သူ လူငယ်က ကိုယ်တိုင်လေ့လာစုဆောင်းရာကနေ အခုလို ဆိုင်ဖွင့်လှစ်ဖြစ်တာလို့ ဆိုပါတယ်။
သက်တမ်း ခုနစ်ဆယ်နီးပါးရှိနေပြီဖြစ်တဲ့ အင်္ဂလန်နိုင်ငံထုတ် ဓာတ်ပြားဖွင့်စက်၊ သက်တမ်းရင့် လက်လှည့် ဂျာမနီထုတ်ကြိုးဖုန်းတွေ၊ ဖလင်ထည့်ပြီး ရိုက်ကူးလို့ရနေသေးတဲ့ သက်တမ်းတစ်ရာပြည့်တော့မယ့် ရှေးဟောင်းကင်မရာတွေ စသဖြင့် ရှေးဟောင်းပစ္စည်းစိတ်ဝင်စားသူတွေ အကြိုက်တွေ့စေမယ့် ပစ္စည်းအတော်များများစုဆောင်းထားပြီး သူ့ပင်တိုင်ဖောက်သည်တွေကတော့ ဓာတ်ပုံဆရာတွေ၊ ရုပ်ရှင်ဗွီဒီယိုသမားတွေနဲ့ ဒီနေ့ခေတ်မှာ ခေတ်စားလာတဲ့ ၁၉၇၀ စတိုင် ကာကာဆိုင်လိုမျိုး ၊ နောက်ပြီးရှေးခေတ်ပစ္စည်းတွေနဲ့ အလှဆင်ထားတတ်တဲ့ ဘားဆိုင်တွေလို့ ဆိုပါတယ်။
#မိုအားနား #ရှေးဟောင်းပစ္စည်း #MoAeNarr
#ဓာတ်စက် #MT #MyanmarTransparency
