◾ အမေရိကန်က အိမ်နီးချင်းနှစ်နိုင်ငံအကြား Proxy War ဖန်တီးလာမည်ကို ဘင်္ဂလားဒေ့ရှ်ပြည်သူများ စိုးရိမ်

၁၆.၅.၂၀၂၅
Translated by Htwe Ko Tun
ဒီနေ့အချိန်မှာ ဖြစ်ပျက်နေတဲ့သတင်းဖြစ်ရပ်အခြေအနေတွေကို လေ့လာကြည့်တဲ့အခါမှာတော့ အဓိကကျတဲ့ ပထဝီနိုင်ငံရေးအပြောင်းအလဲတစ်ရပ်က နောက်ကွယ်အရေးကြီးတဲ့ကဏ္ဍမှာတော့ အမေရိကန်က ပါဝင်လှုပ်ရှားနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဖြစ်ပျက်လာနိုင်တယ်ဆိုတာ သုံးသပ်တွေ့ရှိနေရပါ တယ်။
ကြီးမားတဲ့ဂိမ်းပွဲအသစ်ကြီးလို့ဆိုရမယ့် ဒီရွှေ့ကွက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကတော့ အဓိကကျတဲ့ မဟာဗျူဟာကျကျ အကွက်ဆင်သူလို့လည်း ဆိုရမှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို လက်ရှိအချိန်မှာ ကြားဖြတ်အစိုးရအဖြစ် တာဝန်ယူထားတဲ့ ယူနွတ်စ်ရဲ့ အစိုးရဟာ ရွေးကောက်ခံအစိုးရမဟုတ်တာရယ်၊ အစ္စလာမ္မစ်အတွေးအခေါ်တွေကို မြှင့်တင်ပေးဖို့ သဘောတူခဲ့တာတွေအတွက် မကြာခဏဆိုသလိုဝေဖန်ခံနေရတာပါ။ ယူနွတ်စ်ရဲ့ အစိုးရက အမေရိကန်နဲ့ ကုလသမဂ္ဂတို့ရဲ့ ထောက်ခံမှုနဲ့ လူသားချင်းစာနာထောက်ထားမှုစင်္ကြန်လို့အမည်တပ်ပြီး မြန်မာနိုင်ငံပိုင်နက် ရခိုင်ပြည်နယ်ထဲကို အထောက်အပံ့ပစ္စည်းတွေပို့ဖို့ လမ်းကြောင်းတစ်ခုအတွက်လည်း စီစဉ်နေပြန်တာပါ။
ဒီအစီအစဉ်လုပ်ဆောင်ဖို့ ကြားဖြတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာလည်း တိုးတိုးတိတ်တိတ်ဝေဖန်မှုတွေရှိနေပေမယ့် အမေရိကန် ပါဝင်ပတ်သက်နေမှုကြောင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဝံ့သူကတော့ အနည်းအကျဉ်းသာတွေ့ရပြန်ပါတယ်။
◾ AA လက်နက်ကိုင်သူပုန်တို့ကို အမေရိကန်က ထောက်ပံ့နေတယ်လို့ စွပ်စွဲထား
အိန္ဒိယနိုင်ငံက စစ်ရေးကျွမ်းကျင်သူ ဘရာမာ ချယ်လန်နီက ရခိုင်ပြည်နယ်အတွင်းမှာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့ ၂၇၁ ကီလိုမီတာရှည်နယ်စပ်ဒေသအပါအဝင် နေရာအများအပြားကို AA သောင်းကျန်းသူတွေက သိမ်းထားနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာတစ်ချက်က ဘင်္ဂါလီဒုက္ခသည်တွေဟာ အရင်ကစွပ်စွဲခဲ့ကြတဲ့ မြန်မာ့တပ်မတော်ရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးရတာမျိုး အခုအခါမဟုတ်တော့ဘဲ အစိုးရဆန့်ကျင်ရေး AA သောင်းကျန်းသူတွေရဲ့တိုက်ခိုက်မှုကြောင့် ထွက်ပြေးကြရတာဖြစ်တာကို တွေ့နေရတာပါပဲ။ ဒီမှာ မမျှော်လင့်ဘဲနဲ့ ဘင်္ဂါလီလက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေက ကာကွယ်ရေးအတွက် ရန်သူဟောင်းဖြစ်တဲ့ မြန်မာ့တပ်မတော်နဲ့တောင် မဟာမိတ်ပြုလာခဲ့ကြတာပါပဲ။
◾ လူသားချင်းစာနာထောက်ထားမှုစင်္ကြန်လမ်းကြောင်း ဒါမှမဟုတ် အမေရိကန်ရဲ့ မဟာဗျူဟာ
အမေရိကန်က မြန်မာနိုင်ငံအတွင်းကို ဖောက်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်က ယူနွတ်အစိုးရကိုအဆိုပြုထားတဲ့ လူသားချင်းစာနာထောက်ထားမှုစင်္ကြန်လမ်းကြောင်း ဆိုတာက တကယ်တော့ အမေရိကန်အစိုးရခေါင်းဆောင်တဲ့ ပထဝီနိုင်ငံရေးမဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်မယ်လို့လည်း ယူဆကြပါတယ်။ ဒီစင်္ကြန်လမ်းကြောင်းက ပြည်နယ်အတွင်း ဒုက္ခဆင်းရဲတွေ့နေကြတဲ့ ဘင်္ဂါလီတွေကို အကူအညီပြုဖို့ဆို ပေမယ့် လက်တွေ့မှာ AA သောင်းကျန်းသူတို့ ထိန်းချုပ်မှုလက်အောက်ကိုပဲရောက်လိမ့်မယ်လို့ အများအပြားက ယုံကြည်ကြပါတယ်။ ဒါကြောင့်လည်း ဒီ စင်္ကြန်လမ်းကြောင်းရဲ့ တကယ့်ရည်ရွယ်ချက်က မြန်မာနိုင်ငံအတွင်း အစိုးရကိုပုန်ကန်နေတဲ့သောင်းကျန်းသူတွေကို စစ်ရေးအကူအညီပေးဖို့နဲ့ အမေရိကန်က နောက်ကွယ်က ဦးစီးပဲ့ကိုင်ပြီး သူ့ကိုယ်စား မြန်မာတပ်မတော်အစိုးရကို တိုက်ခိုက်မယ့် စစ်ပွဲတစ်ရပ် ဖန်တီးဖို့ပဲလို့ ယူဆထားကြပါပြီ။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအတွင်း သောင်းကျန်းသူလက်နက်ကိုင်တွေကို ထောက်ပံ့လာတာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နီးပါးရှိပြီလို့ သတင်းတွေကဆိုကြပါတယ်။ လက်နက်တွေလည်းပါဝင်တဲ့ဖြစ်နိုင်ဖွယ်ရှိတဲ့ ဒီထောက်ပံ့မှုတချို့ကို အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်းသို့ သူတို့ရဲ့လမ်းကြောင်းမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။
◾ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အမေရိကန်၏ လူသားချင်းစာနာထောက်ပံ့မှု အမည်ခံလမ်းကြောင်းကို ခုခံမှုများကြီးထွားလာခြင်း
ဒီအချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာတော့ ခုလို အိမ်နီးချင်းနှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီးလူသားချင်း စာနာထောက်ပံ့မှု အမည်ခံလမ်းကြောင်းကို ဆောင်ရွက်ဖို့ အမေရိကန်ရဲ့အကြံကို ဆန့်ကျင်ကန့်ကွက်သူတွေက များလာပါတယ်။ အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP) က ရွေးကောက်ခံမဟုတ်တဲ့အစိုးရတစ်ရပ်အနေနဲ့ ခုလို လူသားချင်းစာနာထောက်ပံ့မှု အမည်ခံလမ်းကြောင်းကို လက်ခံဖို့ မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်မျိုးကို ဘယ်လိုလုပ်သဘောတူနိုင်ရတာလဲ၊ ဒါကရွေးကောက်ခံအစိုးရတွေသာလုပ်ပိုင်ခွင့်ရှိတာပါလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ပါတီရဲ့အကြီးတန်းခေါင်းဆောင်ဖြစ်တဲ့ အမား ကော့စ်ရူးက ဒီကိစ္စအတွက် ကြီးမားစွာစိုးရိမ်မိတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူက နိုင်ငံကို ဂါဇာဒေသလို အခြေအနေမျိုးနဲ့ နှိုင်းယှဉ်ပြီး ပဋိပက္ခအခြေအနေထဲ တွန်းပို့ခံရနိုင်မလားဆိုတာ မေးခွန်းထုတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အတော်များများက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ဖော်ဆောင်ပေးမှာမဟုတ်တဲ့ အန္တရာယ်ရှိလှတဲ့ ပထဝီနိုင်ငံရေးကစားကွက်ထဲ ဆွဲသွင်းခံရမှာ ကြောက်နေကြတာပါပဲ။
အခြေအနေက အိန္ဒိယနိုင်ငံက ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်နေတဲ့ ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းကို တိုက်ရိုက်ကို ခြိမ်းခြောက်နေပါတယ်။ ဒီစီမံကိန်းက အိန္ဒိယနိုင်ငံရဲ့ ဝေးလံသီခေါင်တဲ့ နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တွေကို ကုလားတန်မြစ်မှတစ်ဆင့် ရခိုင်ပြည်နယ်ကိုဖြတ်လျက် ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်သွယ်ပေးဖို့ဆောင်ရွက်နေတာပါ။
◾ အမေရိကန်က မြန်မာ့တပ်မတော်ကို ဘာကြောင့်ပစ်မှတ်ထား ရန်လိုနေသလဲ
ဒီခေါင်းစဉ်ကတော့ တကယ့်ကိုအဓိကကျလှတဲ့မေးခွန်းတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်၊ အမေရိကန် သမ္မတအဆက်ဆက်မှာ မပြောင်းမလဲတည်ရှိလာနေတဲ့ အမေရိကန်တို့ရဲ့ သဘောထားဖြစ်တာကိုလည်း တွေ့ရမှာပါ။ အမေရိကန်ရဲ့ မြန်မာ့တပ်မတော်အပေါ် ရန်လိုမှုရဲ့ အရင်းအမြစ်အကြောင်းတွေကတော့ မြန်မာ့တပ်မတော်ဟာ တရုတ်စစ်တပ်နဲ့ အမြဲတစေ ရင်းနှီးဆက်သွယ်မှုရှိနေတာပါပဲ။ တရုတ်ရဲ့ထောက်ပံ့မှုနဲ့အတူ မြန်မာဘက်ကလည်း တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်သို့ လမ်းဖွင့်ပေးဖို့ ကမ်းလှမ်းခဲ့တာပါပဲ။ ဒါက တရုတ်အတွက် အရေးကြီးလှတဲ့ မဟာဗျူဟာမြောက်အားသာချက်တစ်ခုဖြစ်စေခဲ့ပါတယ်။ ရုရှားကလည်း မြန်မာနိုင်ငံအတွင်း သူ့ရဲ့တည်ရှိဆောင်ရွက်မှုတွေကို တိုးချဲ့နေတာပါ။ ဒါတွေက အမေရိကန်အတွက်တော့ ဒေသတွင်းဩဇာလွှမ်းမိုးနိုင်မှုကို ဆုတ်ယုတ်စေတဲ့အကြောင်းတွေဖြစ်နေရပြီး မြန်မာ့တပ်မတော်အပေါ် မကျေမနပ်ရန်လိုမှု အမြဲဖြစ်နေရတာပါ။
Ref- india.com
