◾️တစ်နိုင်ငံလုံးစည်းရုံးမည့် ပါတီ ၉ ပါတီနှင့် တိုင်းနှင့်ပြည်နယ်တစ်ခုတွင်း၌သာ စည်းရုံးမည့် ပါတီ ၄၅ ပါတီရှိဟု ဆို
◾️နယ်မြေမအေးချမ်းသော ကယား၊ ချင်း၊ ရခိုင် ဒေသများကဲ့သို့ ပြည်နယ်များ၌ ဝင်ပြိုင်မည့် ပါတီများအတွက် ဖြေလျှော့ပေးထားပြီးဖြစ်ကြောင်းပါ ပြော

၁၆. ၅. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅ ခုနှစ်အကုန်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်ပြီး အချိန်မီ ကြိုတင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က CNI သတင်းဌာန၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပမည့်ရက် သတ်မှတ်ကြေညာပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ပြီးချိန်တွင် မဲဆွယ်စည်းရုံးရေးကာလကို သတ်မှတ်ကြေညာသွားမည်ဖြစ်သည်။
လက်ရှိတွင် တစ်နိုင်ငံလုံးစည်းရုံးမည့် ပါတီ ၉ ပါတီတွင် ၃ ပါတီမှာ သတ်မှတ်ရုံးခန်း အရေအတွက် ဖွင့်လှစ်ထားနိုင်ပြီး ရုံးခန်းမဖွင့်လှစ်နိုင်သေးသည့် ပါတီ ၆ ပါတီရှိကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၄၅ ပါတီတွင် ၁၉ ပါတီမှာ သတ်မှတ်ရုံးခန်းအရေအတွက် ဖွင့်လှစ်ထားနိုင်ပြီး ရုံးခန်းမဖွင့်လှစ်နိုင်သေးသည့် ပါတီ ၂၆ ပါတီရှိကြောင်း UEC က ဖြေကြားထားသည်။
သတ်မှတ်ရုံးခန်း မဖွင့်လှစ်ရသေးသည့် ပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ သတ်မှတ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်အတွင်း သတ်မှတ်ရုံးခန်း ပြည့်မီနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း နယ်မြေအခြေအနေ ကန့်သတ်ချက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပါတီများရုံးခန်းဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပါတီ၏ တင်ပြချက်အပေါ် စိစစ်ပြီး လုံခြုံရေး ကောင်းမွန်သော မြို့နယ်ရုံးများတွင် ယာယီတွဲဖက်ဖွင့်လှစ်ခွင့်ပြုထားကြောင်း UEC က ဖြေကြားထားသည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မည့်ပါတီသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ မြို့နယ် ၅ ခုတွင် ပါတီရုံးခန်းဖွင့်လှစ်ရမည်ဖြစ်ဟု ပုဒ်မ ၅ (ဇ) တွင် ပြဋ္ဌာန်းထားသည့်အတွက် ကယား၊ ချင်း၊ ရခိုင် စသည့် ပြည်နယ်များ၌ ဝင်ပြိုင်ရန် လုပ်ထားသည့် ပါတီများအနေဖြင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရရှိတော့ဘူးလားဆိုသည့် မေးခွန်းအတွက် UEC အနေဖြင့် ပါတီများအတွက် ဖြေလျှော့ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ဖြေကြားထားသည်။
ရုရှားနိုင်ငံခရီးစဉ်တွင်း နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်အကုန်တွင် ကျင်းပမည်ကို ရှင်းပြခဲ့ရာ နိုင်ငံ့ခေါင်းဆောင်အားလုံးက လက်ခံအားပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
ထို့ပြင် ယခုနှစ်အကုန်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာ၏ ထောက်ခံမှုများလည်းရရှိထား၍ ရွေးကောက်ပွဲဖြစ်မြောက်ရေး အခြေခံလိုအပ်ချက် ငြိမ်းချမ်းမှုရှိရေးအတွက် ပြည်သူများအနေဖြင့် အကြမ်းဖက်ဝါဒများကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဝိုင်းဝန်းကူညီပံ့ပိုးပေးစေလိုကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။