
၁၅.၅.၂၀၂၅
Written By Zun
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်-ကချင်လွတ်လပ်ရေးတပ်မတော် (KIO-KIA) ၏ ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရား လူကြီးရောဂါဖြင့် ယနေ့ မေလ ၁၅ ရက် နံနက် ၇ နာရီကျော်အချိန်ခန့်က ကွယ်လွန်သွားကြောင်း သိရသည်။
လိုင်ဇာ ရပ်ကွက်(၁)ရှိ သူ၏နေအိမ်၌ လူကြီးရောဂါဖြင့် နာမကျန်းဖြစ်နေပြီးနောက် ဆုံးပါးသွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၇ နှစ်အရွယ် ရှိပြီဖြစ်ကြောင်း သိရသည်။
ဦးလညော်ဇောင်းဟရားသည် ကချင်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၁၉၆၄ တွင် ကချင်လွတ်လပ်ရေးအဖွဲ့သို့ စတင်ဝင်ရောက်လာခဲ့ကာ ၂၀၀၆ မှ ၂၀၁၇ ဒီဇင်ဘာလထိ KIO ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ယင်းနောက်ပိုင်း ကျန်းမာရေးအရ အနားယူခဲ့ကာ အကြံပေးအဖြစ် ဆက်လက်ဆောင်ရွက်၍ အဆိုပါနေရာတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ဥက္ကဋ္ဌ တာဝန်ယူထားကြောင်း သိရသည်။
ဦးလညော်ဇောင်းဟရား၏ ရုပ်အလောင်းသင်္ဂြိုလ်မည့် နေ့ရက်ကိုမူ လတ်တလော မသိရသေးပေ။
လက်ရှိတွင် KIO-KIA အဖွဲ့အနေဖြင့် PDF အကြမ်းဖက်အဖွဲ့များကို စစ်သင်တန်းပေးခြင်း၊ လက်နက်များ ထောက်ပံ့ခြင်း လုပ်ဆောင်ကာ တိုက်ပွဲဖော်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။