
၁၅.၅.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က မလေးရှားလေကြောင်းလိုင်းမှ ပျံသန်းမှုခရီးစဉ် MH17 လေယာဉ် ၂၀၁၄ ခုနှစ်အတွင်းက ပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်းနဲ့ ခရီးသည် ၂၉၈ ဦးစလုံး သေဆုံးခဲ့ရတာအတွက် ရုရှားနိုင်ငံမှာတာဝန်ရှိတယ်လို့ ကုလသမဂ္ဂ ရဲ့စုံစမ်းစစ်ဆေးမှုက တွေ့ရှိဖော်ပြခဲ့တာအတွက် ဝေဖန်မှုပြုခဲ့ပါတယ်။

သမ္မတ ပူတင်က မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ မော်စကိုမြို့မှာ မေလ ၁၄ ရက်ကတွေ့ ဆုံဆွေးနွေးကြရာမှာ နိုင်ငံရေးဩဇာလွှမ်းမိုးမှုတွေက ကင်းဝေးတဲ့ ပြည့်စုံပြီးကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြုလုပ်နိုင်ဖို့တောင်းဆိုခဲ့တာပါ။ ရုရှားအစိုးရအနေနဲ့ ဘက်မလိုက်ဘူးလို့ ယူဆရတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံသွားဖို့ ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ဆိုခဲ့တယ်ဆိုတာ အန်ဝါက ပြောခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုကို ပထမအကြိမ် ဆုံးဖြတ်ခဲ့ရာမှာ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့(ICAO) ရဲ့ ကောင်စီက ဩစတြေးလျနဲ့ နယ်သာလန်တို့က တင်သွင်းထားတဲ့ မလေးရှားခရီးသည်တင်လေယာဉ်ကို ရုရှားကပစ်ချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အခုရက်သတ္တပတ်အတွင်း သဘောတူခဲ့ပါတယ်။ ကောင်စီက စွပ်စွဲချက်တွေဟာ အမှန်ဖြစ်ရပ်တွေကိုအခြေခံပြီး ဥပဒေနဲ့လည်းဆီလျော်ကောင်းမွန်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီအဖွဲ့က ကြေညာချက်ထုတ်ပြန်ရာမှာလည်း ရုရှားနိုင်ငံကို နိုင်ငံတကာလေကြောင်းဥပဒေအောက်မှာရှိတဲ့ သူ့ရဲ့ထမ်းဆောင်ရမယ့် ဝတ္တရားတွေကို လိုက်နာဖို့ပျက်ကွက်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရုရှားအစိုးရကလည်း ဆုံးဖြတ်ချက်ကို ချက်ချင်းပယ်ချခဲ့ပြီး ဘက်လိုက်မှုရှိတယ်လို့ ဆိုခဲ့ပါတယ်။
ရုရှားအစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ကို တွန့်ဆုတ်နေတယ်လို့ ပြောကြားချက်တွေကိုလည်း သမ္မတပူတင်က ငြင်းဆိုခဲ့ပြီး ပိုမိုယုံကြည်စိတ်ချရတဲ့ ဒါမှမဟုတ် ခိုင်လုံတဲ့စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ဖို့ ရုရှားကအဆင်သင့်ရှိတယ်လို့ ပြောခဲ့တယ်ဆိုတာ အန်ဝါက သတင်းထောက်တွေကို မေလ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။
ဒီအမှုမှာ ရုရှားဟာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်က ယူကရိန်းအရှေ့ပိုင်းမှာ မလေးရှားခရီးသည်တင် လေယာဉ်ကို မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်နဲ့ ပစ်ချခဲ့တာကြောင့် အပြည်ပြည်ဆိုင်ရာမြို့ပြ လေကြောင်း ပျံသန်းရေး သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ်လို့ စွပ်စွဲခံနေရပါတယ်။
လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာတော့ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ရဲ့ ကောင်စီက ဘယ်လိုလျော်ကြေးပုံစံမျိုးဖြစ်သင့်တယ်ဆိုတာ စဉ်းစားသွားမှာပါ။ အန်ဝါကတော့ ရုရှားအစိုးရထံကနေ ရှင်းလင်းချက်ရှာဖို့ အချိန်မီအခွင့်အရေးတစ်ခုဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် အန်ဝါက မလေးရှားအနေနဲ့ သက်ဆိုင်ရာပါတီတွေအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လွတ်လပ်ပြီးမျှတတဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြင့်အမှန်တရားနဲ့ တရားမျှတမှုကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုခဲ့ပါတယ်။
၂၀၁၄ ခုနှစ်အတွင်းမှာ ယူကရိန်းနိုင်ငံပေါ်ကပျံသန်းလာတုံးမှာ ပျံသန်းမှုခရီးစဉ် MH17 လေယာဉ်ပစ်ချခံရတယ်ဆိုမှုနဲ့ ပျံသန်းမှုခရီးစဉ် MH370 လေယာဉ်ပျောက်ဆုံးသွားခဲ့မှုတို့ကြောင့် မလေးရှားလေကြောင်းလိုင်းမှာ ဆိုးဝါးတဲ့ငွေကြေးဆိုင်ရာအကျိုးဆက်တွေဖြစ်ခဲ့ရပြီး ကွာလာလမ်ပူ အစုရှယ်ယာဈေးကွက်မှာ လေကြောင်းလိုင်းကုမ္ပဏီရဲ့အစုရှယ်ယာဈေးတွေ ကျဆင်းခဲ့ရပါတယ်။
မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးရာမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါက အောက်တိုဘာလမှာ မလေးရှားမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ ပူတင်ကို ဖိတ်ခဲ့တယ်လို့လည်း သိရပါတယ်။
Ref- Bangkok Post