
၁၅.၅.၂၀၂၅
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံမှာ အလှအပ၊ မိတ်ကပ်တို့နဲ့ပတ်သက်လို့ ဗီဒီယိုတွေ ရိုက်ကူးဖော်ပြမှုတို့ကြောင့် လူမှုကွန်ရက် မီဒီယာမှာ လွှမ်းမိုးသူတစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ဗာလီရီးယား မာကွက်ဇ်ဟာ ဂျာလစ်စကိုပြည်နယ်၊ ဇာပိုပန်မြို့မှာ TikTok အတွက် တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်မှုတစ်ရပ် ပြုလုပ်နေခိုက် မေလ ၁၃ ရက်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အခုလို လူမှုမီဒီယာကို လွှမ်းမိုးမှုရှိတဲ့ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရတာက ကျားမရေးရာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုအခြေခံတဲ့ မြင့်မားတဲ့အဆင့်တွေနဲ့ ရင်ဆိုင်နေရတဲ့ မက္ကဆီကိုနိုင်ငံအတွင်းမှာ တုန်လှုပ်ချောက်ချားမှုတွေ ဖြစ်စေခဲ့ပါတယ်။ ဂျာလစ်စကိုပြည်နယ်အစိုးရရှေ့နေကလည်း ဗာလီရီးယား အသတ်ခံရမှုကို အမျိုးသမီးတွေကို သတ်ဖြတ်မှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ မေလ ၁၃ ရက် ညနေပိုင်းမှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။
မက္ကဆီကိုအာဏာပိုင်တွေက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအချက်အလက်တွေ အခြေခံသတ်ဖြတ်မှုမှာ အဆင့်နိမ့်ကျတဲ့ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ လူသတ်သမားနဲ့ ဆက်ဆံရေး ဒါမှမဟုတ် အသတ်ခံရသူ ဓားစာခံရဲ့ ရုပ်အလောင်းကို အများသူငှာ မြင်နိုင်တဲ့ နေရာတွေမှာ ဖော်ထုတ်ထားမှုတို့ ဆက်စပ်ပါဝင်နေတယ်လို့ ပြောကြတယ် ဆိုပါတယ်။
ဗာလီရီးယား မာကွက်ဇ်က ဇာပိုပန်မြို့ရှိ သူအလုပ်လုပ်တဲ့ အလှပြင်ခန်းမှာရှိနေချိန် လူတစ်ယောက်က ဝင်လာပြီး သေနတ်နဲ့ပစ်သတ်သွားခဲ့တာလို့ ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် လူသတ်ကောင် သေနတ်သမားလို့သံသယရှိရသူအမည်ကိုတော့ မဖော်ပြခဲ့ပါဘူး။
ဒီလိုပစ်ခတ်မှု မဖြစ်ခင် စက္ကန့်ပိုင်းလေးမှာပဲ မာကွက်ဇ်ကို TikTok တိုက်ရိုက်ထုတ်လွှင့်ချက်တစ်ခုမှာ အရုပ်လေးတစ်ခုကိုဖက်ပြီး စားပွဲတစ်ခုရှေ့ထိုင်နေတာ တွေ့ခဲ့ကြတာပါ။ ဒီအချိန်မှာ နောက်ခံအသံတစ်ခုက Hey, Vale? လို့ မမေးခဲ့ခင်မှာ ‘သူတို့ လာလိမ့်မယ်’ လို့ ပြောတာကို ကြားလိုက်ရပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုမှာအသံတိတ်မသွားခင် မာကွက်ဇ်က ဟုတ်ကဲ့လို့ ပြန်ဖြေတာကိုလည်း ကြားလိုက်ရပါတယ်။
ခဏလေးအကြာမှာတော့ မာကွက်ဇ်ဟာ ပစ်သတ်ခံခဲ့ရတာပါပဲ။ ဗီဒီယိုမဆုံးခင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူတစ်ဦးက သူတို့မျက်နှာကိုခဏလေးပြပြီး မာကွက်ဇ်ရဲ့ ဖုန်းကိုကောက်ယူလိုက်တာ တွေ့ကြရပါတယ်။
Instagram နဲ့ TikTok တို့မှာ follower နှစ်သိန်းနီးပါးရှိတဲ့ မာကွက်ဇ်က တိုက်ရိုက်ထုတ်လွှင့်မှု အစပိုင်းမှာ သူ အလှပြင်ဆိုင်မှာရှိမနေခင် လူတစ်ဦးက တန်ဖိုးကြီးတဲ့လက်ဆောင်ပေးဖို့ဆိုပြီး အလှပြင်ဆိုင်ကို ရောက်လာခဲ့သေးတယ်ဆိုတာ ပြောခဲ့ပါတယ်။ မာကွက်ဇ်ကို ကြည့်ရတာ စိုးရိမ်ပူပန်နေပုံရပြီး ဒီလူပြန်လာဖို့ သူ့အနေနဲ့စောင့်ဆိုင်းနေဟန်မရှိဘူးလို့ ပြောခဲ့တယ်လို့လည်း သိရပါတယ်။
မက္ကဆီကိုက လက်တင်အမေရိကနဲ့ ကာရေဘီယံဒေသမှာတော့ ပါရာဂွေး၊ ဥရုဂွေး၊ ဘိုလစ်ဗီးယားနိုင်ငံတွေပြီးရင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအချက်အလက်တွေအခြေခံသတ်ဖြတ်မှုတွေ စတုတ္ထ အများဆုံးနိုင်ငံအဖြစ်တည်ရှိနေတာပါ။ ၂၀၂၃ ခုနှစ်က အမျိုးသမီးဦးရေ ၁၀၀,၀၀၀ မှာ ၁ ဒသမ ၃ ယောက်နှုန်း ဒီလိုအမှုတွေနဲ့ အသတ်ခံခဲ့ရပါတယ်။
ဂျာလစ်စကိုကလည်း မက္ကဆီကိုစီတီးအပါအဝင် နိုင်ငံရဲ့ပြည်နယ် ၃၂ ခုမှာ လူသတ်မှုဖြစ်ပွားမှု ဆဋ္ဌမမြောက်အများဆုံးပြည်နယ်လည်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ သမ္မတ ကလော်ဒီယာရှိန်းဘွန်း တာဝန်ယူချိန်ကစလို့ပြည်နယ်အတွင်း လူသတ်မှု ၉၀၆ မှု ဖြစ်ခဲ့တယ် ဆိုပါတယ်။
Ref- The Guardian