
၁၄. ၅. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်နှင့် မန္တလေးတို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေး LNG သုံး ဓာတ်အားပေးစက်ရုံများ လျှပ်စစ်ဓာတ်အား အမြန်ဆုံးထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယနေ့တွင် ဖြေကြားသည်။
LNG to Power ဓာတ်အားပေးစက်ရုံစီမံကိန်းများအတွက် LNG ဓာတ်ငွေ့ရည်ပံ့ပိုးပေးမည့် CNTIC VPOWER ENERGY သင်္ဘောကြီးကို သွားရောက်သယ်ဆောင်ပြီး အဆိုပါ သင်္ဘောကြီးကို သွားရောက်သယ်ဆောင်ရန် Singhai Marine Services- Yangon မှ သင်္ဘောသား ၁၄ ယောက်သည် မေလ ၉ ရက် နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားကြောင်း မူလကုမ္ပဏီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော်လည်း နာရီပိုင်းအတွင်း ပြန်ဖျက်ခဲ့သည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး မီဒီယာများက SAC သတင်းထုတ်ပြန်ရေးအဖွဲ့သို့ မှန်ကန်မှုရှိမရှိ မေးမြန်းမှုအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်သည့် စက်တပ်ဆင်အင်အား စုစုပေါင်းမှာ ၆,၈၇၈ မဂ္ဂါဝပ်ရှိသော်လည်း ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရမှု၊ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားလိုင်း တာဝါတိုင်များ၊ ကွန်ကရစ်တိုင်များအား ဝန်ထမ်းများမှ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လက်ရှိတွင် တစ်ရက်ပျမ်းမျှ ၂,၃၀၀ မဂ္ဂါဝပ် (လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်း)သာ ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိကာလတွင် နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ ၃,၄၀၀ မဂ္ဂါဝပ်ဝန်းကျင်ခန့် လိုအပ်သဖြင့် ၁,၁၀၀ မဂ္ဂါဝပ်ဝန်းကျင်ခန့်ကို ဝန်အားလျှော့ချထိန်းညှိမှု ဆောင်ရွက်နေရခြင်းဖြစ်သည်။
ထုတ်လုပ်နိုင်သော လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းအား ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ၅၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၁ ရာခိုင်နှုန်းဖြင့် အချိုးကျဓာတ်အား ခွဲဝေဖြန့်ဖြူးပေးနေရခြင်းဖြစ်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အများပြည်သူ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော်အတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ကာလတိုအနေဖြင့် သီလဝါ(သန်လျင်)နှင့် သာကေတ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား အမြန်ဆုံးဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားထားသည်။