
၁၅.၅.၂၀၂၅
Written By Zun
ချစ်သူစုံတွဲများထံမှ ဖုန်း၊ ဆိုင်ကယ်တို့ကို လုယက်နေသည့်ဂိုဏ်းအဖွဲ့မှ ၃ ဦးဖမ်းမိထားကြောင်း ပဲခူးမြို့ အမှတ် (၂)နယ်မြေရဲစခန်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်က ပဲခူးမြို့၊ မဇင်းဆည်၊ မြသီတာရွာဘက်ခြမ်းတွင် လူငယ်တစ်ဦးကို မသင်္ကာဖွယ်ရာတွေ့ရာမှ စစ်ဆေးစဉ် အထက်ပါအတိုင်း ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
မသင်္ကာဖွယ်ရာတွေ့ရှိသူမှာ ဉာဏ်လင်းထွန်းဆိုသူဖြစ်ပြီး စစ်ဆေးစဉ် လုယက်ရာမှ ပါလာသည့် ပစ္စည်းသက်သေများနှင့်တွေ့ရှိခဲ့ပြီး ထပ်မံစစ်ဆေးရာ ၎င်းသည် လွန်ခဲ့သောရက်များက မဇင်းဆည်အနီး သွားလာနေကြသည့် စုံတွဲများထံမှ ဆိုင်ကယ်နှင့်ဖုန်းများ လုယက်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း သိရသည်။
၎င်း၏ထွက်ဆိုချက်အရ ကျုးလွန်ခဲ့သူ အေးမင်းဦးနှင့် အောင်မြင့်မြတ်တို့အား ထပ်မံမ်းဆီးရမိခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါ ဖမ်းမိထားသူများကို စစ်ဆေးနေပြီး ကွင်းဆက်ကျူးလွန်သူများကို ဖမ်းဆီးရရှိရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေကာ လက်ရှိတွင် ၎င်းတို့ ၃ ဦးအား ပဲခူး အမှတ်(၂)နယ်မြေရဲစခန်းမှ ဥပဒေအရ အမှုဖွင့်ထားကြောင်း သိရသည်။
“မဇင်းဆည်က အမြဲတမ်းရေပြည့်နေတယ်။ ရာသီဥတုပူတဲ့အတွက် မိသားစုတွေ၊ ကလေးတွေ၊ ချစ်သူစုံတွဲတွေ သွားကြတာပေါ့။ အဲဒီနေရာမှာ အမြဲတမ်းရေနစ်တာလည်း ဖြစ်တယ်။ အဲဒီအတွက် ရဲတပ်ဖွဲ့ကလည်း လုံခြုံရေး ယူပေးနေတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ဒုစရိုက်သမားတွေက လူငယ်စုံတွဲတွေကို ပစ်မှတ်ထားပြီးတော့ လူပြတ်တဲ့အချိန်မှာ လုယက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်နေတာ ရှိတယ်။ ဖမ်းမိတာလည်းရှိသလို မဖမ်းမိသေးတာလည်း ရှိတယ်။ အခု ကွင်းဆက်အရ နောက်ထပ်လည်း ဖမ်းမိဖို့လုပ်နေတယ်။ မကြာခင်မှာ ထပ်ပြီး ဖမ်းမိတာတွေ ရှိလာနိုင်ပါသေးတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

