၁၅. ၅. ၂၀၂၅
Written by Nyein Kyaw
ထားဝယ်အထူးစီးပွားရေးဇုန်အား မကြာမီ စတင်ဆောင်ရွက်မည်ဖြစ်၍ လာရောက်လုပ်ကိုင်မည့် ရုရှားလူမျိုးများနှင့် ဆက်ဆံရာတွင် အဆင်ပြေစေရန် ထားဝယ်ဒေသခံများကို ရုရှားဘာသာစကား အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၏ လမ်းညွှန်မှုဖြင့် ရုရှားဘာသာစကား အခြေခံသင်တန်း အခမ်းအနားအား ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး) ၌ ယမန်နေ့တွင် ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်လုပ်ငန်း ဆောင်ရွက်ရာတွင် ဒေသအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရုရှားဘာသာစကားကို လေ့လာဆည်းပူးပြီး မိမိတို့၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲအောင် မြတ်နိုးတန်ဖိုးထား ထိန်းသိမ်း၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
အထူးသဖြင့် မကြာခင်ကာလအတွင်း စတင်ဆောင်ရွက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်လုပ်ငန်းတွင် လာရောက်လုပ်ကိုင်ကြမည့်သူများနှင့် ပြောဆိုဆက်ဆံကြသည့်အခါ၌ ဒေသအတွင်းနေထိုင်ကြသူများ ဘာသာစကား ကျွမ်းကျင်တတ်မြောက်ထားရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
ရုရှားဘာသာစကားအခြေခံသင်တန်းကို မေ ၁၄ ရက်မှ ဇွန် ၅ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၁၅၀ ခန့်အား သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ပထမဆုံးအကြိမ် သွားရောက်ခဲ့စဉ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည်။
ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းအတွက် နှစ်နိုင်ငံ သဘောတူနားလည်မှုစာချုပ်များကို အဆိုပါခရီးစဉ်အတွင်း မတ်လ ၄ ရက်တွင် နှစ်နိုင်ငံခေါင်းဆောင်များဖြစ်သည့် SAC ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့၏ ရှေ့တွင် တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
