
၁၅.၅.၂၀၂၅
Written By Thandar
အနုပညာလမ်းကြောင်းပေါ်မှာ အနုပညာကဝေလို့ တင်စားခေါ်ဝေါ်ကြတဲ့ အကယ်ဒမီ မင်းသား နေတိုးကတော့ အနုပညာသက်တမ်း နှစ်အစိတ်ဝန်းကျင်တစ်လျှောက် ပထမဦးဆုံးရိုက်တဲ့ “အချစ် ညီမျှခြင်း” ဇာတ်လမ်းတွဲမှာ ရိုမန့်ဆင်းန်လေးတွေပါတယ်လို့ ဖွင့်ဟလာပါတယ်။
“ဒီဇာတ်ကားကတော့ ၄ ပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံလေးမှာ ခန့်ထည်ဆိုတဲ့ ကာရိုက်တာနဲ့ပါဝင်ထားပါတယ်။ ခန့်ထည်က စိတ်ခံစားချက်ကို ဦးစားမပေးသူပေါ့။ ဇာတ်ကားတွေက မဆုံတာ ကြာပြီဖြစ်တဲ့ သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်နေတဲ့အခြေအနေနဲ့ အချိန်အခါတစ်ခုမှာ အလုပ်တွဲ လုပ်ဖူးသူတွေရော ပရိသတ်ကို မြင်စေချင်တယ်။ ကိုယ်ငယ်ငယ်က ရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်း ဇာတ်အိမ်မျိုးမို့ ပရိသတ်ခံစားစေချင်လို့ ရိုက်ဖြစ်တာပါ။ ကျွန်တော် ဖြတ်သန်းလာတဲ့ အနုပညာ သက်တမ်းတစ်လျှောက်မှာ နှစ်အစိတ်ဝန်းကျင်မှာ ပထမဦးဆုံး ဇာတ်လမ်းတွဲလို့လည်း ပြောလို့ရတယ်။ ဒီကားမှာ ရိုမန့်ဆင်းန်လေးတွေလည်း ပါပါတယ်” လို့ အကယ်ဒမီ နေတိုးက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲမှာတော့ နေတိုး၊ ရဲလေး၊ စံရတီမိုးမြင့်၊ ပိုးမမှီသာတို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီးတော့ သဘာဝရှုခင်းလှလှတွေနဲ့ ပုံဖော်ထားတဲ့ကားလို့သိရပါတယ်။
“အချစ်ညီမျှခြင်း” ဇာတ်လမ်းတွဲကို လာမယ့် မေလ ၁၉ ရက်ကစပြီး အပတ်စဥ် တနင်္လာကနေ သောကြာနေ့အထိ ည ၇ နာရီအချိန်တိုင်းမှာ CANAL+ ZAT LENN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
“ဒီကားမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေသလို ခံစားရမယ့် အချစ်ညီမျှခြင်း ဇာတ်လမ်းတွဲထဲမှာ အချစ်ကြောင့်သာဆို ဆိုတဲ့ ဇာတ်ဝင်တေးကို ကျွန်တော် ကိုယ်တိုင် ပါဝင်သီဆိုထားတာပါ။ ဒီလို Pop သီချင်းဆိုရင်တော့ ဇာတ်ဝင်တေးနဲ့လိုက်ဖက်မှုရှိတယ်။ Pop ဆန်ဆန်ဆိုရင် ပရိသတ်ရင်ထဲရောက်တာမို့လေ။ ဒီကားထဲမှာ ပထမက ကိုယ်တိုင်ဆိုဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ရိုက်ရင်းနဲ့ ကိုယ်တိုင်ကြိုက်လို့ အကုန်လုံး ဆိုဖို့ ဖြစ်သွားခဲ့တာပါ” လို့ သူ့ကဆက်ပြောပါတယ်။
#နေတိုး #ရဲလေး #စံရတီမိုးမြင့် #ပိုးမမှီသာ
#အချစ်ညီမျှခြင်း #LoveEquation
#OnlyOnCANALPLUS




