
ပုံစာ- ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခဲ့မှု မြင်ကွင်းကို တွေ့ရစဉ်။
၁၅. ၅. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှစတင်၍ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
မိဘများအနေဖြင့် ကျောင်းအပ်နှံရာတွင် ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်နှင့် ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade 1) သို့ အပ်နှံရန်အသိပေးထားပြီး မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံရမည်ဖြစ်သည်။
ကျောင်းအပ်နှံရာတွင် ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုပါရန်နှင့် ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် အသိပေးထားသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ပြုလုပ်ခဲ့ပြီး ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၄ သန်းနီးပါးရှိခဲ့ပြီး အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းအပ်နှံသူဦးရေ၏ ၉၇ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးပဋိပက္ခကာလအတွင်း ကျောင်းမတက်ရန် လှုံ့ဆော်ခဲ့မှုများကြောင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်သူ ၅ ဒသမ ၆ သန်းကျော်သာရှိခဲ့သော်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကာလအတွင်း ကျောင်းအပ်နှံသူဦးရေ ၆ သန်းခွဲရှိပြီး ကျောင်းများ ဖွင့်လှစ်သည့်တိုင် ကျောင်းအပ်နှံရန် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းကြောင့် ကျောင်းအပ်နှံသူဦးရေ ၈ ဒသမ ၁ သန်းကျော်အထိ ရှိခဲ့သည်။
ပုံစာ- ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခဲ့မှု မြင်ကွင်းကို တွေ့ရစဉ်။




