
၁၄. ၅. ၂၀၂၅
Written by Nyein Kyaw
လားရှိုးလေဆိပ်သို့ လေကြောင်းခရီးစဉ်များ မေလ ၂၂ ရက် စတင်ပြေးဆွဲရန် ထုတ်ပြန်ထားမှုများရှိသော်လည်း ပြေးဆွဲမည့်ရက်အတိအကျ မသိရှိရသေးကြောင်း ပြည်တွင်းလေကြောင်းလိုင်း လက်မှတ်အရောင်းဌာနများမှ သိရသည်။
လက်ရှိတွင် လားရှိုးလေဆိပ်အား လေယာဉ််ပြေးလမ်းများ ပြင်ဆင်နေကာ အဆောက်အုံများကိုလည်း ပြန်လည်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ထွက်ပေါ်နေသည့် သတင်းများအရ ယခုမေလ ၂၂ စတင်ဖွင့်လှစ်မည်ဖြစ်ကာ ယခင်ကဲ့သို့ နေ့စဉ်ပြေးဆွဲနိုင်မှုမရှိဘဲ တစ်ပတ်ကို အကြိမ်အရေ အကန့်အသတ်ဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းလေကြောင်းလိုင်းတချို့၏ Flight Schedule များအရ ရန်ကုန်-လားရှိုး၊ မန္တလေး- လားရှိုးခရီးစဉ်များကို မေလ ၂၂ ရက်၊ မေလ ၂၃ ရက်နှင့် မေလ ၂၄ ရက်တို့အတွက် ဖော်ပြထားမှုများရှိသော်လည်း အခြားရက်များအတွက်ကိုမူ ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရှိရသည်။
“လက်မှတ်ကြိုဝယ်ဖို့အတွက်တော့ လောလောဆယ်တော့ လားရှိုးအတွက်က Schedule Confirm တော့မရှိသေးဘူး” ဟု MNA လေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။
၁၀၂၇ ဖြစ်စဉ်နောက်ပိုင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်မှစတင်ပြီး ကိုးကန့် – MNDAA က လားရှိးမြို့ကို ထိန်းချုပ်ထားခဲ့ပြီးနောက် လားရှိုးလေဆိပ်အား ယာယီပိတ်သိမ်းခဲ့ရပြီး ခရီးစဉ်များကိုလည်း ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် တပ်မတော်က လားရှိုးမြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လားရှိုးလေဆိပ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြုပြင်မှုများဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။


