၁၄. ၅. ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနှင့် ညောင်ဦးမြို့နယ်တို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် အပြစ်မဲ့ပြည်သူသုံးဦးကို PDF များ သတ်ဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ထုတ်ပြန်သည်။

ကျူးလွန်မှုဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ မေ ၁၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁၆)ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၉)ရပ်ကွက်နေ နတ်ထားကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း (၅၅)နှစ်သည် အမှတ်(၉)ရပ်ကွက်မှ နတ်ထားကျေးရွာသို့ သွားရောက်စဉ် အမှတ်(၁၆)ရပ်ကွက်ရှိ ခရိုင်မြို့ပတ်လမ်းဘေးအရောက် PDF အဖွဲ့(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့သဖြင့် ဦးဆန်းဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ မေလ ၁၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရွာပုလဲကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား နှစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကျော်မိုး(၃၇)နှစ်သည် ၎င်းဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်ရှေ့လမ်းမပေါ်၌ တစ်ရွာတည်းနေ ဦးတင်ဝင်း(၆၈)နှစ်နှင့်အတူ စကားပြောနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါဖြစ်စဉ်များမှ ကျူးလွန်သူများ ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။