
၁၄. ၅. ၂၀၂၅
Translated by Thettant
ဂါဇာမြောက်ပိုင်းရှိ ဂျာဘာလီယာမြို့နှင့် ဒုက္ခသည်စခန်းရှိ နေအိမ်အများအပြားကို အစ္စရေးက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် အနည်းဆုံး ပါလက်စတိုင်း ၄၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံဆေးရုံတစ်ခုက ပြောကြားခဲ့သလို သေဆုံးသူများတွင် ကလေးငယ် ၂၂ ဦးနှင့် အမျိုးသမီး ၁၅ ဦး ပါဝင်ကြောင်း အင်ဒိုနီးရှားဆေးရုံက ထုတ်ပြန်ခဲ့ကာ လူမှုကွန်ရက်တွင် မျှဝေထားသော ဗီဒီယိုတစ်ခုလည်း အနည်းဆုံး အလောင်း ၁၂ လောင်းကို ကြမ်းပြင်ပေါ်တွင် တွေ့ခဲ့ရသည်။
အစ္စရေးစစ်တပ်ကမူ ယင်းသတင်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အစ္စရေးလ်နိုင်ငံအတွင်းသို့ ဒုံးကျည်များပစ်ခတ်ပြီးနောက် ဂျာဘာလီယာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများကို အင်္ဂါနေ့ညတွင် ရွှေ့ပြောင်းရန် သတိပေးခဲ့သလို အဆိုပါ ဖြစ်ရပ်သည် ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲက ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်များအား ဂါဇာတွင် “လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန်” အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အင်္ဂါနေ့က နယူးယောက်မြို့တွင် ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တွမ်ဖလက်ချာက အစ္စရေးသည် အရပ်သားများအပေါ် လူမဆန်သော အခြေအနေများကို တမင်တကာနှင့် ရှက်ရွံ့ခြင်းမရှိဘဲ ဖိအားပေးလုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။ ထို့အပြင် ဂါဇာအပေါ် ၁၀ ပတ်ကြာ ပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းရန် အစ္စရေးကို တောင်းဆိုခဲ့ပြီး ထိုဒေသရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေရေးကို အစ္စရေး-အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကိုလည်း ဝေဖန်ခဲ့သည်။
အစ္စရေး၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ဒန်နီဒန်နွန်ကမူ ကုလကောင်စီအား နိုင်ငံခြားအကူအညီများသည် ဟားမာ့စ်၏ စစ်ရေးလှုပ်ရှားမှုအတွက် အသုံးပြုခံနေရကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် အမေရိကန် အထူးသံတမန်များဖြစ်သော စတိဗ်ဝစ်ကော့ဖ်နှင့် အဒမ်ဘိုးလာတို့သည် ဖြစ်နိုင်ခြေရှိသော အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွှတ်ပေးရေး သဘောတူညီချက်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ကာတာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ဟားမာ့းစ်အနေဖြင့် ၎င်းတို့ဖမ်းဆီးထားဆဲဖြစ်သော အစ္စရေးဓားစာခံ ၅၈ ဦးကို ပြန်လွှတ်ပေးရန် သဘောတူညီမှုမရရှိပါက ယခုအပတ်အတွင်း ဂါဇာတွင် ၎င်းတို့၏ စစ်ဆင်ရေးကို တိုးချဲ့မည်ဟု ထပ်မံခြိမ်းခြောက်ခဲ့သည်။
အင်္ဂါနေ့ကလည်း ဂါဇာတောင်ပိုင်းရှိ ဥရောပဆေးရုံဝင်းအား အစ္စရေး၏ ကြီးမားသော လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံအရာရှိများ၏ အဆိုအရ အနည်းဆုံး ၂၈ ဦး သေဆုံးခဲ့သည်။
အစ္စရေးမီဒီယာသတင်းများတွင်မူ ဟားမာ့စ်အဖွဲ့ခေါင်းဆောင် ယာယာဆင်ဝါအား ပြီးခဲ့သည့် အောက်တိုဘာလတွင် အစ္စရေးက သတ်ဖြတ်နိုင်ခဲ့ပြီးနောက် ဂါဇာတွင် ဟားမာ့စ်၏ ခေါင်းဆောင်ဖြစ်လာသည်ဟု ယူဆရသော အကိုဖြစ်သူ မိုဟာမက်ဆင်ဝါကို ထပ်မံ ပစ်မှတ်ထားနေသည်ဟု ဖော်ပြထားသည်။
အစ္စရေးစစ်တပ်ကမူ ယင်းတို့၏ တိုက်ခိုက်မှုကို ဆေးရုံအောက်ရှိ “ကွပ်ကဲရေးနှင့် ထိန်းချုပ်ရေးဌာနတွင် လှုပ်ရှားနေသော ဟားမာ့စ်အကြမ်းဖက်သမားများကို တိကျစွာ တိုက်ခိုက်ခြင်း” ဟု ဆိုသည်။
အစ္စရေးစစ်တပ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် လူ ၁,၂၀၀ ခန့် သေဆုံးခဲ့ပြီး အခြား ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသော အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက် ဟားမာ့စ်တို့၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဟားမာ့စ်ကို ဖျက်ဆီးရန် စစ်ဆင်ရေးတစ်ခု စတင်ခဲ့ပြီး ထိုအချိန်မှစ၍ ဂါဇာရှိ ဟားမာ့စ်အုပ်ချုပ်သော ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ အရပ်သား အနည်းဆုံး ၅၂,၉၀၈ ဦး သေဆုံးခဲ့သည်။
Ref , BBC