
၁၄ .၅ .၂၀၂၅
Written by Hey Mar
အခုရက်သတ္တပတ် နှစ်ပတ်တာကာလအတွင်း မိုးကြိုးပစ်ခံရလို့ လူသုံးဦးသေဆုံးခဲ့သလို မိုးကြိုးစက်ကွင်းကြောင့် လူနှစ်ဦးသေဆုံးပြီး လူငါးဦး ဒဏ်ရာရရှိမှု ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နဲ့ မကွေးတိုင်းဒေသကြီး မကွေးမြို့နဲ့ မြို့သစ်မြို့နယ်တို့မှာ ဖြစ်ပွားခဲ့တာကြောင့် မိုးရွာနေစဉ်နဲ့ မိုးကြိုးလျှပ်စစ်စက်ကွင်းအန္တရာယ် သတိပြုဆင်ခြင်နိုင်ဖို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးလာပါတယ်။
အဆိုပါ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေက မိုးရွာနေချိန် အတောအတွင်း သစ်ပင်အောက်ဝင်တာ၊ ကွင်းပြင်မှာ ထီးထီးတည်ရှိနေတဲ့ စိုစွတ်တဲ့ အရိပ်အောက်ခိုနေတာ စတဲ့အခြေအနေမှာ မိုးကြိုးပစ်ခြင်းနဲ့ မိုးကြိုးလျှပ်စစ်စက်ကွင်းအန္တရာယ် ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
“မြေပြင်က တည်ငြိမ်လျှပ်စစ်ဓါတ်(Static Elecitricity)ကို တိမ်တွေထဲက တည်ငြိမ်လျှပ်စစ်က ပြင်းအားမြင့် ဗို့တွေနဲ့ လာတွေ့တဲ့အချိန် ဗို့အားမြင့် လျှပ်စစ်ဓာတ်ကြောင့် ပြင်းထန်တဲ့ စွမ်းအင်ဖြစ်ပေါ်စေပြီး အနီးအနားကအရာတွေ မီးလောင်ကျွမ်းသလိုအထိ ဖြစ်သွားတတ်ပါတယ်” လို့ ပြောပါတယ်။
မိုးကြိုးစက်ကွင်းက ကိုယ့်အနီးအနားမှာရှိတဲ့ တိုင်၊ သစ်ပင်၊ မိုးကြိုးလွှဲတပ်မထားတဲ့အဆောက်အဦ စတာတွေကို မိုးကြိုးပစ်တဲ့အခါ လျှပ်စစ်ဓာတ်အားကြီးစွာဖြစ်ပေါ်တာကြောင့် အနီးအနားမှာလည်း ဓာတ်လိုက်သကဲ့သို့ ခံစားရတတ်ပါတယ်။ ဗို့အား ၁ သောင်းကျော်ရှိတဲ့ မိုးကြိုးစက်ကွင်းကြောင့် လူ့အသက်ထိခိုက်ဆုံးရှုံးရတာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
“မိုးကြီးပြီး မိုးကြိုးလျှပ်စီးလက်တာတွေ ဖြစ်ပေါ်လာရင် အိမ်တွင်းခြောက်သွေ့တဲ့နေရာကို အမြန်သွားရပါမယ်။ ကွင်းပြင်မှာ လမ်းလျှောက်နေတဲ့အခါမျိုးဆိုရင်လည်း ဆံပင်တွေထောင်လာတာ၊ လက်ကမွှေးအမျှင်တွေ ထောင်လာတာရှိရင် မြေကြီးပေါ်မှာ မှောက်ချလိုက်ပါ။ ကိုယ့်ပတ်ဝန်းကျင်က လေကြောင့် ခန္တာကိုယ်ပေါ်မှာဖြစ်လာတဲ့ တည်ငြိမ်လျှပ်စစ်ကို မြေကြီးထဲ ပို့ပေးလိုက်တာပါဘဲ” လို့ ဦးဝင်းနိုင်က ယေဘုယျ ဆင်ခြင်နိုင်၊ ရှောင်ရှားနိုင်တဲ့အခြေအနေကို ရှင်းပြပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေမှုကြောင့် မိုးကြိုးလျှပ်စစ် စက်ကွင်းအန္တရာယ်ကြုံတွေ့နိုင်ကာ အဆိုပါမိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ်လျှောက် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနိုင်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။



