
၁၄.၅.၂၀၂၅
Written By Thandar
Myanmar Idol ကတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် ပိုးမီက Myanmar Stars ပြိုင်ပွဲဝင် လင်းပြည့်ဟိန်းကို “ပျော်သလိုသာနေ” သီချင်းသစ်လေးတစ်ပုဒ်ကို လက်ဆောင်ပေးလိုက်ပါတယ်။
“သီချင်းလေးကတော့ ကြာပါပြီ။ လင်းပြည့် Myanmar Stars မှာ ဝင်ပြိုင်ကတည်းက ပိုးမီတို့ ဆုံကတည်းက ပေးထားတဲ့သီချင်းလေးပါ။ သီချင်းနာမည်က ပျော်သလိုသာနေပေါ့နော်၊ ပုံစံလေးကတော့ ပိုးမီ ရေးနေကြအတိုင်း အသည်းကွဲမုဒ်လေးပေါ့။ ကိုယ်တိုင်လည်း ပျော်သလိုနေထိုင်လို့ရအောင်ပါ”လို့ အဆိုတော် ပိုးမီက ပြောပါတယ်။
အဆိုပါ တေးရေး တေးဆို ပိုးမီက ရေးသားထားတဲ့ “ပျော်သလိုသာနေ” သီချင်း သစ် Music Video ကို ယနေ့ မေလ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏပန်းခြံမှာ ရိုက်ကူးပုံဖော်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
မကြာခင်မှာတော့ ဒီသီချင်းကို UG Entertainment ကနေ ထုတ်လွှင့် တင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
“တကယ်တော့ လက်ဆောင်ပေးရင် အများစုက ပစ္စည်းတွေ၊ အရာဝတ္ထုတွေပေးကြပေမယ့် အမကတော့ ဦးနှောက်တွေ၊ နှလုံးသားတွေရင်းပြီး လုပ်ထားတဲ့သီချင်းကို ပေးဖို့က တော်ရုံ စေတနာစိတ်နဲ့ မရဘူးလေ။ တော်တော်များများထင်ကြတာ အမရဲ့ သီချင်း “အလိုက်တသိ” သီချင်းကို လက်ဆောင်ပေးတယ်ပဲ ထင်ကြတာလေ။ ခုက အမကိုယ်တိုင်ရေးထားတဲ့ သီချင်းသစ် စက်စက်ကိုပေးတာပါ။ အမကိုယ်တိုင် Vocal Guide လုပ်ပေးတာပါ။ ဒီအတွက်လည်း အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ လင်းပြည့်ဟိန်းက ပြောပါတယ်။
ပိုးမီကတော့ ငလျင်ဘေးသင့်ပြည်သူတွေအတွက်လည်း “ရှင်သန်ချိန်”Music Video ကို အနုပညာ မောင်နှမတွေဖြစ်တဲ့ ငွေဇင်လှိုင်း၊ Emphraim Kyaw Oo၊ ဈာန်ဝေလီ၊ လင်းပြည့်ဟိန်း၊ ညီရာမ၊ သန့်ထူး၊ ယုဝေဖြိုး၊ JK Sophia နဲ့ နန်းနီတို့နဲ့ ပါဝင်အားဖြည့်သီဆိုပြီး ဒီသီချင်းကရရှိလာတဲ့အကျိုးအမြတ်တွေကို ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။