၁၄. ၅. ၂၀၂၅
Written by Nay Moe
ဒုရဲအုပ်တစ်ဦး၏မိခင် နိုင်ငံ့ဝန်ထမ်းတစ်ဦးကို မြင်းခြံ PDF များက ပြန်ပေးဆွဲဖမ်းဆီးပြီး ကျပ်သိန်း ၃၀၀၀ တောင်းခံသည်ကို မပေးနိုင်သဖြင့် ညှင်းပန်းနှိပ်စက်ပြီးမှ ရွှေ၊ ငွေ၊ ဖုန်း ပါသမျှအားလုံး လုယက်ပြီးမှ ပြန်လည်လွှတ်ပေးမှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံစစ်ဆေးရေးဂိတ်တာဝန်ကျ ဒုရဲအုပ် ငြိမ်းချမ်းဦး၏မိခင်ဖြစ်သူ ဒေါ်ငြိမ်းငြိမ်းအေး (၅၆) နှစ် (ဘ) ဦးကျော်သင်း၊ စက်မှု(၁) ဝါဂွမ်းစက်ရုံတာဝန်ခံ၊ မြင်းခြံမြို့နေသူသည် မြင်းခြံမြို့မှ မန္တလေးမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် မြင်းခြံ-မန္တလေးကားလမ်းတစ်နေရာ၌ PDF အဖွဲ့များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သတင်းအရ ဖမ်းဆီးခံရထားရသူ တပ်ဖွဲ့ဝင်၏မိသားစုဝင်အား အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး စုံစမ်းရှာဖွေမှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ မတ်လ ၂၆ ရက် နံနက် ၁၁ နာရီတွင် ဖမ်းဆီးခံရသူ ဒေါ်ငြိမ်းငြိမ်းအေးမှာ ပြန်လည်လွတ်မြောက်လာပြီး ၎င်း၏ပြောပြချက်အရ သိရသည်မှာ ၎င်းသည် မတ်လ ၁၆ ရက်တွင် သားဖြစ်သူ ဒုရဲအုပ် ငြိမ်းချမ်းဦးတာဝန်ကျရာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့မရဲစခန်းသို့ သွားရောက်ရန်အတွက် မြင်းခြံမြို့၊ သိန်ကုန်းဘုန်းကြီးကျောင်းတိုက်မှ ဘုန်းကြီးကားအကြုံဖြင့် မြင်းခြံမြို့မှ မန္တလေးမြို့သို့ လိုက်ပါလာစဉ် မြင်းခြံ-မန္တလေးကားလမ်း တစ်နေရာရှိ PDF အဖွဲ့ဝင်များက မော်တော်ယာဉ်အား တားဆီးစစ်ဆေးစဉ် ခရီးဆောင်အိတ်အတွင်းမှ ရုံးစာများအား ရှာဖွေတွေ့ ခဲ့သဖြင့် ၎င်းအား ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း၊ ဖမ်းဆီးပြီးနောက် မျက်လုံးအား အဝတ်စည်း၍ ဆိုင်ကယ်ဖြင့် တောလမ်းအတိုင်း ခေါ်ဆောင်သွားခဲ့ရာ ၁၅ မိနစ်ခန့် အကြာတွင် အကြမ်းဖက်စခန်းတစ်ခု၏မြေကတုတ်ကျင်းအတွင်း၌ ထိပ်တုံးခတ်ချုပ်နှောင်ထားရှိကာ PDF အဖွဲ့ခေါင်းဆောင် ကိုထက်ဆိုသူမှ ပြန်လည်လွတ်မြောက်လိုပါက ငွေကျပ် သိန်း ၃၀၀၀ ပေးရန် တောင်းခံခဲ့ရာ မရှိကြောင်း ပြန်လည်ပြောဆိုခဲ့သဖြင့် ကိုထက်ဆိုသူမှ ၎င်းအား ရိုက်နှက်ညှဉ်းပန်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ၎င်းဝတ်ဆင်ထားသည့် ၁ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး ၁ ကုံး၊ ၁ မတ်သားခန့်ရှိ ရွှေလက်စွပ် ၁ ကွင်း၊ ၅ မူးသားခန့်ရှိ ရွှေကလစ် ၁ ချောင်း၊ Redmi အမျိုးအစား အပြာရောင်လက်ကိုင်ဖုန်း ၁ လုံး၊ Redmi အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း ၁ လုံး၊ ငွေကျပ် ၂၉၀,၀၀၀ နှင့် ၎င်း၏ Kpay အကောင့်အတွင်းရှိ ငွေကျပ် ၁၂၀,၀၀၀ တို့အား ယူဆောင်သွားခဲ့ပြီး ၁၀ ရက်ခန့် အဆိုပါစခန်း၌ပင် ဖမ်းဆီးချုပ်နှောင်ထားရှိကြောင်း သိရှိခဲ့ရသည်။
ထို့နောက် မတ်လ ၂၆ ရက် နံနက် ၇ နာရီတွင် အဆိုပါအကြမ်းဖက်စခန်းမှ PDF အဖွဲ့ဝင်တစ်ဦး ဒေါ်ငြိမ်းငြိမ်းအေး၏ မျက်လုံးအား အဝတ်စည်းကာ မြင်းခြံ- မန္တလေး ကားလမ်းပေါ်သို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာခဲ့ပြီး မြင်းခြံ-ပခုက္ကူ-မန္တလေးပြေးဆွဲသည့် “ရွှေမြန်မာ” ခရီးသည်တင်မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်ပေးခဲ့သဖြင့် ပြန်လည်လွတ်မြောက် လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင် လျက်သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
