
၁၄. ၅. ၂၀၂၅
Translated by Thettant
၂၀၂၁ ခုနှစ် နွေဦးဖြစ်စဥ်ကာလအတွင်း တပ်မတော်၏ အာဏာထိန်းသိမ်းမှုကို ဆန့်ကျင်သောကြောင့် ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက် လန်ဒန်မြို့ရှိ သံတမန်နေအိမ်မှ ထွက်ခွာရန် ငြင်းဆန်နေသော မြန်မာနိုင်ငံ၏ ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ဟောင်း ကျော်စွာမင်းကို ဗြိတိသျှရဲတပ်ဖွဲ့က သံတမန်နေအိမ်ကို ပိုင်နက်ကျူးလွန်မှုဖြင့် စွဲချက်တင်လိုက်သည်။
ကျော်စွာမင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဖြစ်စဥ်အတွက် ဆန္ဒပြခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် သံရုံးကို သော့ပိတ်ခံခဲ့ရပြီး ရာထူးမှ ဖယ်ရှားခံခဲ့ရသလို SAC ၏ ကိုယ်စားလှယ်များဖြင့် အစားထိုးခံခဲ့ရသည်။
သူ၏ဆန္ဒပြမှုသည် ထိုအချိန်က ဗြိတိသျှအစိုးရ၏ ချီးကျူးမှုကို ခံခဲ့ရသဖြင့် ကျော်စွာမင်းသည် မြောက်လန်ဒန်ရှိ သံအမတ်နေအိမ်ဖြစ်သော ဆူးကြိုးများနှင့် CCTV ကင်မရာများ ဝန်းရံထားသော သံတမန်အိမ်ကြီးတွင် ဆက်လက်နေထိုင်ခဲ့သလို SAC အစိုးရ၏ ကိုယ်စားလှယ်များထံ သံရုံးကို ပြန်လွှဲပေးရန် ငြင်းဆန်ခဲ့သည်။
ထို့အတွက် လန်ဒန်ရဲတပ်ဖွဲ့က ကျော်စွာမင်းအား သံတမန်ပိုင်နက်ကို ကျူးကျော်မှုဖြင့် ၂၀၂၃ ခုနှစ်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်က စွဲချက်တင်ခဲ့သည်ဟု ထုတ်ပြန်ပြောကြားခဲ့သည်။ စွဲချက်တင်ခံရမှုကြောင့် ကျော်စွာမင်းသည် မေလ ၃၀ ရက်တွင် ဝက်စ်မင်စတာ မာဂျစ်စထရိတ် တရားရုံးသို့ လာရောက်ရင်ဆိုင်ရမည်ဟု ရဲတပ်ဖွဲ့က အသိပေးထားပြီး ကျော်စွာမင်း၏ ကျူးလွန်မှုသည် ထောင်ခြောက်လ သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်သလို ဒဏ်နှစ်ရပ်စလုံးလည်း ကျခံရနိုင်သည်။
သံတမန်ပိုင်နက်နယ်မြေ ကျူးကျော်ထားသူကျော်စွာမင်းကမူ စွဲချက်တင်ခံရမှုအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သလို ဗြိတိန်နိုင်ငံခြားရေးရုံးနှင့် လန်ဒန်ရှိ မြန်မာသံရုံးတို့ကလည်း လက်ရှိဖြစ်စဥ်အတွက် မှတ်ချက်တောင်းခံမှုများအပေါ် ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။
Ref, Reuters



