၁၄.၅.၂၀၂၅
Translated by Htwe Ko Tun
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် မေလ ၁၆ ရက်၌ ပြုလုပ်သွားရန် အလားအလာရှိသည်ဆိုသည့် ရုရှားနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ၎င်းအနေနှင့် အခြားသော ရုရှားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမည်မဟုတ်ဘဲ ရုရှားသမ္မတပူတင်နှင့်သာ ဆွေးနွေးသွားမည်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောကြားခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပူတင်နှင့်တွေ့ဆုံဆွေးနွေးရန်တိုက်တွန်းခဲ့ပြီးနောက် ဇယ်လန်စကီးက ၎င်းအနေနှင့် တူရကီသို့သွားရောက်မည်ဟု ပြောခဲ့သည်။ အပစ်အခတ်ရပ်စဲမည်လော(သို့မဟုတ်) ပိတ်ဆို့မှုအသစ်များ ပြုလုပ်ခံမည်လောဟု ရုရှားအစိုးရထံ ယူကရိန်း၏ ဥရောပမဟာမိတ်များက မေလ ၁၀ ရက်တွင် ရာဇသံပို့ခဲ့ပြီးနောက်တွင် ရုရှားသမ္မတ ပူတင်က ရုရှားနှင့် ယူကရိန်းတို့ တူရကီနိုင်ငံတွင် မေလ ၁၅ ရက်၌ တိုက်ရိုက်တွေ့ဆုံဆွေးနွေးကြရန် ပြောခဲ့သည်။
ဖြစ်နိုင်ခြေရှိသော ဆွေးနွေးပွဲ၏ ရည်မှန်းချက်များနှင့်ပတ်သက်၍ CNN က မေးမြန်းခဲ့ရာတွင် ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပူတင်အနေနှင့် ၎င်းကိုယ်တိုင်အဆိုပြုခဲ့သော်လည်း ဆွေးနွေးပွဲသို့ ကိုယ်တိုင်တက်ရောက်ရန် သဘောမတူသေးကြောင်း၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှလွဲ၍ ကျန်အရာများက အောင်မြင်မှုရစေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်တွင် ပြုလုပ်မည့်ဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုလည်း တက်ရောက်မည်ဟု အမေရိကန်သမ္မတ ထရန့်က မေလ ၁၃ ရက်တွင် ပြောခဲ့သည်။
သမ္မတထရန့်က “ဒီအပတ်နောက်ပိုင်း မေလ ၁၅ ရက်မှာလုပ်သွားနိုင်ဖို့ရှိတဲ့ ဆွေးနွေးပွဲမှာတော့ သူတို့တွေအနေနဲ့ တချို့အကျိုးရှိမယ့်ရလဒ်တွေ ဖြစ်စေနိုင်မှာပါ” ဟု ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့တွင်ကျင်းပနေသော ဆော်ဒီအာရေဗျ-အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ပြောကြားခဲ့သည်။
သို့ရာတွင် ဆွေးနွေးပွဲသို့ ရုရှားသမ္မတ ပူတင်တက်ရောက်မည်လောဆိုသည်ကို ပြောကြားရန် ရုရှားအစိုးရက ငြင်းဆိုထားသေးသည်။ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က သမ္မတပူတင်အနေနှင့် ဆွေးနွေးပွဲသို့ ၎င်းတက်ရောက်ရန်လိုအပ်သည်ဟု စဥ်းစားပါက ဆုံးဖြတ်ချက်ကို အချိန်မီ ကြေညာသွားမည်ဟု ပြောခဲ့သည်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကလည်း “မေလ ၁၅ ရက်မှာ ကျွန်တော် တူရကီကိုသွားပြီး ပူတင်နဲ့တွေ့ ဖို့ အဆင်သင့်ရှိပါတယ်။ ဒီပြင် ရုရှားကိုယ်စားလှယ်နဲ့တော့ ဆွေးနွေးမှာမဟုတ်ဘူး။ သူနဲ့တိုက်ရိုက်တွေ့ ဆုံဆွေးနွေးမှသာ စစ်ပွဲကို ရပ်နိုင်မှာဖြစ်တယ်” ဟု ပြောခဲ့သည်။ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရတ်ကော့ဗ်ကလည်း ရုရှားကိုယ်စားလှယ်များက ဆွေးနွေးပွဲအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မေလ ၁၃ ရက်တွင် ပြောခဲ့ပြန်သည်။
ထို့ကြောင့်လည်း မေလ ၁၆ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ကျင်းပရန်ရည်ရွယ်ထားသည့် ဆွေးနွေးပွဲ အလားအလာကို အတိအကျ မပြောကြားနိုင်ဖြစ်နေရသည်။
Ref- CNN
