



MT News
၁၃. ၅. ၂၀၂၅
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဂါရွတ်ခရိုင်ရှိ ဆာဂါရာကျေးရွာတွင် မေလ ၁၂ ရက်က အင်ဒိုနီးရှား စစ်သည်များက သက်တမ်းလွန် ခဲယမ်းမီးကျောက်များ ဖျက်ဆီးနေချိန် ပေါက်ကွဲမှုကြောင့် စစ်သည် ၄ ဦးနှင့် အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ စစ်တပ်က အတည်ပြုခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချင်းဖြစ်ပွားချိန်တွင် စစ်တပ်ဝန်ထမ်းများက ဒေသတွင်း သဘာဝအရင်းအမြစ် ကာကွယ်ထိန်းသိမ်းရေးဦးစီးဌာန (BKSDA)ပိုင် သတ်မှတ်ထားသောနေရာ၌ သက်တမ်းလွန် ခဲယမ်းမီးကျောက်တစ်သုတ်အား ဖျက်ဆီးနေခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသားတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဝါဟု ယူဒါယနာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ဂါရွတ် BKSDA ဝင်းကို သက်တမ်းကုန်ဆုံးတဲ့ ခဲယမ်းတွေ ပုံမှန်စွန့်ပစ်ဖို့အတွက် အသုံးပြုခဲ့တာပါ” ဟု အင်ဒိုနီးရှားစစ်တပ် (TNI) သတင်းပြန်ကြားရေးရုံးမှ ဗိုလ်ချုပ် ခရစ္စတိုမေ ဆီယန်တူရီက ပြောကြားခဲ့သည်။
၎င်းခဲယမ်းများသည် အင်ဒိုနီးရှားစစ်တပ်၊ စစ်လက်နက် ပစ္စည်းဌာန (Puspalad) ၏ အမှတ် (၃) ခဲယမ်းသိုလှောင်ရုံမှ လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အန်ထရာသတင်းဌာန၏ အဆိုအရ ယင်းမတော်တဆမှုတွင် သေဆုံးခဲ့သော TNI အရာရှိလေးဦးမှာ ဗိုလ်မှူးကြီး အန်တိုနီယပ်စ် ဟာမဝန်၊ ဗိုလ်မှူး အန်ဒါ ရိုဟန်ဒါ၊ ဒုတပ်ကြပ် အယ်ရီ ဒွီ ပရီယမ်ဘိုဒိုနှင့် တပ်သားသစ် အက်ပရီယို ဆီရှာဝန်တို့ဖြစ်ကြောင်း သိရသည်။ ကျန်သေဆုံးသူများမှာ အရပ်သားများဖြစ်သည့် အာဂပ်စ် ဘင် ကက်စ်မင်၊ ပီယန် ဘင် အိုဘူးရ်၊ အီယပ်စ် အီဘင် ဘင် အီနွန်၊ အန်ဝါရ် ဘင် အီနွန်၊ အီယပ်စ် ရီဇယ် ဘင် ဆီပူလို့ရ်၊ တိုတို၊ ဒါဒန်း၊ ရပ်စ်တီယာဝန်နှင့် အန်ဒန်းတို့ ဖြစ်သည်။
ထို့မတိုင်မီ နေရာနှစ်နေရာ၌ ခဲယမ်းဖျက်ဆီးရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ခဲ့ပြီး တတိယနေရာ ဂါရွတ် BKSDA ရှိ ဖောက်ခွဲရေးစက်ပစ္စည်းအား ပြင်ဆင်နေချိန်တွင် ရုတ်တရက် မတော်တဆဖြစ်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို အင်ဒိုနီးရှားစစ်တပ်က စုံစမ်းစစ်ဆေးနေကြောင်း ဝါဟု ယူဒါယနာက ပြောကြားခဲ့သည်။