
၁၃. ၅. ၂၀၂၅
Written by Nay Moe
PDF တွေရဲ့ မကြာခဏ လာရောက်တိုက်ခိုက်မှုခံနေရတဲ့ မုံရွာမြို့နယ်၊ မန္တလေး-မုံရွာကားလမ်းပေါ်က မအူစစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်စီးလာတဲ့လူငယ်တွေကို စစ်ဆေးဖို့တားမြစ်ချိန် မောင်းနှင်ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ PDF လူငယ်သုံးဦးရဲ့ ရုပ်အလောင်းနဲ့ ပစ္စတိုနှစ်လက်သိမ်းဆည်းရမိခဲ့တဲ့ဖြစ်စဥ်မှာ သေဆုံးခဲ့တဲ့ PDF သုံးယောက်က NUG ဩဇာခံ မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ဖြစ်တယ်လို့ မုံရွာနတ်ဆိုး PDF အဖွဲ့က ဝန်ခံလာပါတယ်။
ဖြစ်စဥ်က မေလ ၁၁ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်မှာ မအူစစ်ဆေးရေးဂိတ်အနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အရှိန်နဲ့မောင်းနှင်လာတဲ့ မသင်္ကာဖွယ်ရာ ဆိုင်ကယ် ၃ စီးကို စစ်ဆေးဖို့ရပ်တန့်ခိုင်းတာကို မရပ်တန့်ဘဲထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာမှာ PDF သုံးဦးရဲ့ ရုပ်အလောင်း၊ ဆိုင်ကယ်သုံးစီး၊ ပစ္စတိုနှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ၉ မမကျည် ၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာနတ်ဆိုး PDF အဖွဲ့က ထုတ်ပြန်ရာမှာ မုံရွာမြို့အဝင် မအူဂိတ်အနီး CR 7 ကွမ်းယာဆိုင်အတွင်း ကားများကို ငွေတောင်းဖို့စောင့်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးကို မေလ ၁၁ ရက် နံနက် ၁၁ နာရီမှာ အနီးကပ်ပစ်ခတ်တိုက်ခိုက်ရင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက PDF တွေဖြစ်တဲ့ ရဲဘော် လှမျိုးအောင်၊ ရဲဘော် ညိမ်းမင်းဇော်၊ ရဲဘော် ချစ်ထူးခန့်တို့သုံးယောက် သေဆုံးသွားတယ် ထုတ်ပြန်ပြောလာတာပါ။
မုံရွာနတ်ဆိုးက ထုတ်ပြန်ထားတဲ့ ရုပ်သံမှာလည်း ကွမ်းယာဆိုင်ရှေ့ ကွေ့ဝင်သွားတဲ့ ဆိုင်ကယ်နှစ်စီးနဲ့ အရပ်ဝတ်လူနှစ်ယောက်ကို မုံရွာနတ်ဆိုးက သေသွားတဲ့ PDF သုံးယောက်က ခရီးသွားပြည်သူတစ်ယောက် အကာအကွယ်ယူပြီး ပစ်ခတ်တာကြောင့် ပစ်မှတ်ထိမှန်ပုံမရသလို NUG ရဲ့ PVTV ကို မုံရွာနတ်ဆိုးက ဖြေရာမှာလည်း ထိမှန်သူစုံစမ်းနေတယ်လို့ ပြောထားတာ တွေ့ရပါတယ်။
“PDF သုံးယောက်က ကွမ်းယာဆိုင်ထဲကို ပစ်ရင်းပြေးတာ။ ခရီးသွားပြည်သူတစ်ယောက်ကို လူသားဒိုင်းလုပ်ပြီး ပစ်တော့ ကျော်ပစ်ရတာရော၊ ပစ္စတိုက အနီးကပ်ပစ်ချက်ဆို ထိချက်မမှန်တာရော၊ ဆိုင်ကယ်ကို အရှိန်နဲ့စီးလာတုန်း ပစ်တာရောဆိုတော့ ကျည်ဖြုန်းတာဖြစ်သွားပြီး သူတို့ပစ်သံကြားထားတဲ့ လုံခြုံရေးအဖွဲ့က အရှိန်နဲ့မောင်းပြေးလာတဲ့သူတို့ကို တားချိန်မှာ မရပ်ကြလို့ ပစ်ခတ်ဖမ်းဆီးလိုက်တာ”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက သူသိရှိရသမျှ ရှင်းပြပါတယ်။
PDF အဖွဲ့တွေ များပြားလွန်းတဲ့ မုံရွာနယ်တစ်ကြောမှာ PDF တွေ ပါဝင်တဲ့ ရွှေဆိုင်ဓားပြတိုက်မှု၊ လူသတ်မှု၊ လုယက်ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေသလို မအူစစ်ဆေးရေးဂိတ်ကိုလည်း PDF တွေက ချောင်းမြောင်းပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ မကြာခဏ ချောင်းမြောင်းတိုက်ခိုက်တာတွေ လုပ်ကိုင်နေတာကြောင့် ဒီစစ်ဆေးရေးဂိတ်က လုံခြုံရေးတင်းကျပ်ထားတဲ့နေရာလို့ သိရပါတယ်။