
၁၃ .၅. ၂၀၂၅
Written by Hey
လမ်းပျော်ကလေးတစ်သိုက်က လုယက်ရိုက်နှက်လို့ အသက် ၅၀ ကျော်အမျိုးသားကြီးတစ်ဦး ပြတ်ရှသွေးထွက် ဖူးယောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မေလ ၁၃ ရက်နေ့ မနက်အစောပိုင်းက ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းပေါ်က ကားဂိတ်မှာဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာနဲ့အတူ မြေပြင်အကူအညီ ပူးပေါင်းပါဝင်ပေးခဲ့တဲ့ နယ်မြေခံလင်းလက် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါအမျိုးသားကြီးထံ အိမ်ခြေမဲ့ကလေး ၄ ဦးက ဝိုင်းဝန်းတောင်းရမ်းကြောင်း မပေးတဲ့အတွက် လက်ကိုဓားနဲ့လှီးကာ ခန္ဓာကိုယ်အားတုတ်နဲ့ရိုက်ပြီး ထွက်ပြေးသွားခဲ့တာကြောင့် သက်ဆိုင်ရာ ကင်းတာဝန်ကျရဲထံ နစ်နာသူအမျိုးသားကြီးက သွားရောက်အသိပေးတိုင်ကြားခဲ့တာလို့ သိရပါတယ်။
လင်းလက်လူမှုကူညီရေးအသင်းတာဝန်ရှိသူ ဥက္ကဋ္ဌဒေါ်ဇော်မိမိက “ကျွန်မအသင်းအခြေပြုရာ နေရာအနီးမို့ လမ်းပျော် ကလေးတွေ၊ အိမ်ခြေမဲ့ ကလေးတွေ ကျွန်မ မျက်မှန်းတန်းမိတာပေါ့။ တချို့က လမ်းပေါ်ရောက်နေတာ မတတ်သာတဲ့ အခြေအနေ၊ တချို့က လမ်းပေါ်ပျော်နေကြတာ၊ အကူအညီအထောက်အပံ့မလိုချင်ဘူး။ အလုပ်လုပ်ပြီး ငွေမရှာချင်ဘူး။ ပညာမသင်ချင်ဘူး။ ဒါကျွန်မတို့ ကူညီဖို့ကြိုးစားရာက တွေ့ရတဲ့အခြေအနေပါ” လို့ MT News ကို ပြောပါတယ်။
လမ်းပျော်ကလေးတွေက အုပ်စုဖွဲ့နေထိုင်နေတတ်ကြပြီး သူတို့ရဲ့ မိဘသားချင်းတချို့ကလည်း အနီးအနားမှာပဲ ရှိနေကြတယ်လို့ အဆိုပါအသင်းတာဝန်ရှိသူက ဆိုပါတယ်။ ဘတ်(စ်)ကားမှတ်တိုင်တွေမှာ နေထိုင်နေကြပြီး တောင်းရမ်းတာ၊ မရရင် ဆဲဆိုတာ၊ မိန်းကလေးငယ်တချို့ကိုဆို အတင်းဆွဲလွဲ အနာတရဖြစ်အောင် ပြုမူတောင်းရမ်းလုယက်တာမျိုး ဒါမျိုးတွေလည်း တွေ့ရှိကူညီခဲ့ရတာမျိုးရှိတယ်လို့ ဒေါ်ဇော်မိမိက ဆက်လက်ပြောပါတယ်။
“သက်ဆိုင်ရာအနေနဲ့ ဒီလို လမ်းပျော်ကလေးတွေကို ရှင်းလင်းပြီး ပြုပြင်ရေးကျောင်းတွေဆီ ပို့ပေးသင့်တယ်။ တကယ့်ကိုဆင်းရဲလို့ ပလုံကောက်နေတဲ့ ကလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီလို ဆိုးသွမ်းတဲ့ကလေးကို လွှတ်ပေးထားရင် ပထမတော့ လွယ်တဲ့နေရာက ခိုးတယ်။ အခု ဓားနဲ့မွှန်းပြီးလုတဲ့ ဖြစ်စဉ် ဖြစ်လာပြီ” လို့ လင်းလက်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇော်မိမိက ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာက ရိုက်နှက်၊ ဓားနဲ့မွှန်းကာ လုယက်ခံလို့ ဒဏ်ရာရရှိသူ အမျိုးသားကြီးဆီ ကျောက်တံတားရဲတပ်ဖွဲ့၀င်တွေနဲ့ လင်းလက်အသင်းက ပူးပေါင်းရောက်ရှိကာ မြေပြင်ကုသပြုစုမှု တွေပြုလုပ်ပေးပြီး ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ကူညီ ပေးခဲ့တယ်လို့ သိရပါတယ်။

