◾️ အရောင်းပြပွဲကာလအတွင်း ဘိလပ်မြေ တစ်အိတ် ကျပ် ၁၉,၅၀၀ ဖြင့် လူတစ်ဦးလျှင် အိတ် ၂၀ ရောင်းချပေးနေ
၁၃. ၅. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဘေးသင့်ပြည်သူများ အရည်အသွေးပြည့်မီပြီး ဈေးနှုန်သက်သာစွာ ဝယ်ယူနိုင်ရန် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ်ကို ယမန်နေ့မှစတင်၍ နေပြည်တော်တွင် တစ်ပတ်တိတိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ငလျင်လှုပ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်သွေးပြည့်မီစွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ပြီး မေ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပနေခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးတို့ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အရောင်းပြပွဲကာလအတွင်း MAX ဘိလပ်မြေကို တစ်အိတ် ကျပ် ၁၉,၅၀၀ ဖြင့် တစ်ရက်ကို အိတ်ရေ ၁၀,၀၀၀ ရောင်းချပေးသွားမည့်အပြင် Max Showroom တွင်လည်း ဆက်တိုက်ရောင်းချပေးနေသလို နေပြည်တော်ကောင်စီနယ်မြေအတွင်း၌လည်း နေ့စဉ်ရောင်းချပေးနေကြောင်း MAX CEMENT ၏ အထွေထွေမန်နေဂျာ မစန်းသော်တာလတ်က ပြောသည်။
ဘိလပ်မြေဝယ်ယူရာတွင် MAX ဘိလပ်မြေနှင့် ကြံ့နှစ်ကောင် ဘိလပ်မြေများကို တစ်ဦးလျှင် အိတ် ၂၀ အကန့်အသတ်ဖြင့် ရောင်းချပေးနေသော်လည်း ပုံမှန်လိုအပ်သူများအတွက် ဝယ်ယူရေးအဆင်ပြမှုရှိကြောင်း အဆိုပါအရောင်းပြပွဲသို့ ဘိလပ်မြေလာရောက်ဝယ်သူများက ပြောသည်။
ထို့ပြင် သံနှင့် ပတ်သက်ပြီး သံချောင်း၊ Hollow များ၊ H Beam များ၊ အဆောက်အအုံနှင့် ပတ်သက်သည့်ပစ္စည်းများ၊ ငလျင်ဒဏ်ခံနိုင်သည့် မြေထိန်းတုံး Sheet pile ပစ္စည်းများနှင့် သံများကို အဆင့်မြှင့်ထုတ်လုပ်ရေးစက်နှင့်တကွ ပြသရောင်းချပေးနေပြီး ပွဲတော်ရက်တွင်း ဈေးနှုန်းများ လျှော့ချထားသလို ငွေသားနှင့်မရှင်းလိုသူများအတွက် ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ကြောင်း Steel King Company Limited မှ Deputy Managing Director ဦးကျော်စိုးက ပြောသည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးပွဲတွင် ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့် ပြသရောင်းချပေးခဲ့ပြီး သံနှင့် သံမဏိအသင်းအနေဖြင့် ကုမ္ပဏီ ၁၅ ခုနှင့် ပြခန်းပေါင်း ၂၆ ခန်း ပါဝင်ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။




