၁၃.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ကုန်သွယ်စစ်ပွဲ ဖြစ်လုနီးနီး တင်းမာနေခဲ့ကြတဲ့အခြေအနေကနေ နှစ်နိုင်ငံစလုံးက ကုန်သွယ်စည်းကြပ်ခွန်တွေ အပြန်အလှန်လျှော့ချပေးကြဖို့နဲ့ ကုန်သွယ်စည်းကြပ်ခွန်ကောက်ခံမှုကို ရက် ၉၀ ဆိုင်းငံ့ထားဖို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ နှစ်ဖက်ကုန်သွယ်ရေးအစည်းအဝေးမှာ မေလ ၁၂ ရက်က သဘောတူညီခဲ့ကြပြီးတဲ့နောက်မှာတော့ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်က ဂျီနီဗာမြို့ အစည်းအဝေးက နှစ်ဖက် အလွန်ခင်မင် ရင်းနှီးမှုရှိကြပါတယ်လို့ မေလ ၁၂ ရက်မှာပဲ ပြောခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ထရန့်က သူ့အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်ကို အခု ရက်သတ္တပတ်အတွင်းမှာပဲ ဆက်သွယ်ဆွေးနွေးမှုပြုကောင်းပြုသွားနိုင်တယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
ကုန်သွယ်ရေးအစည်းအဝေးမှာ အမေရိကန်အစိုးရက တရုတ်ပို့ကုန်တွေကို အခွန် ၁၄၅ ရာခိုင်နှုန်းကောက်ခံနေရာကနေ ၃၀ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံဖို့သဘောတူခဲ့သလို တရုတ်အစိုးရကလည်း အမေရိကန်မှ သွင်းကုန်တွေအပေါ် အခွန် ၁၂၅ ရာခိုင်နှုန်းကောက်ခံနေရာကနေ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံဖို့ သဘောတူခဲ့ကြတာပါ။ ကုန်သွယ်ခွန်အချို့ကို ရက် ၉၀ လျှော့ချမှုပြုထားဖို့လည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
ဒ့ါပြင် ထရန့်က အမေရိကန်အစိုးရအနေနဲ့ နိုင်ငံကို တရုတ်နိုင်ငံအတွက် လမ်းဖွင့်ပေးထားတာဖြစ်ပြီး တရုတ်ဘက်ကတော့ သူတို့နိုင်ငံကို ပြန်လည်လမ်းဖွင့်ပေးခဲ့တာမဟုတ်ဘူးလို့ အိမ်ဖြူတော်မှာ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် နှစ်နိုင်ငံဆွေးနွေးနေတာတွေအထဲမှာ အရေးအကြီးဆုံးကတော့ တရုတ်နိုင်ငံကို ကုန်သွယ်မှုအတွက် လမ်းဖွင့်ပေးဖို့ဖြစ်ပြီး တရုတ်ဘက်ကလည်း သဘောတူခဲ့ပါတယ်။ ဒါပေမယ့် စာရွက်ပေါ်မှာပဲရှိသေးတော့ အချိန်တော့ယူရမှာပါလို့ ဆက်လက်ပြောကြားသွားပါတယ်။
ထရန့်က ရှီနဲ့ ဆက်သွယ်ဆွေးနွေးမယ့်ရက်ကို အတိအကျမပြောသေးပေမယ့် ရက်သတ္တပတ်ကုန်မှာ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးမှုဖြစ်နိုင်တယ်လို့တော့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ထရန့်က အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာအပေါ် မူတည်ပြီးတော့ သူ့အနေနဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေကို ပြန်လည်တိုးမြှင့်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
အခွန်တွေကို ရက် ၉၀ ဆိုင်းငံ့မှုကာလအတွင်းမှာ ဈေးကွက်ဝင်ရောက်ခွင့်နဲ့ အမေရိကန်ကုန်သွယ်ရေးလို ငွေကို လျှော့ချနိုင်ဖို့တို့ ပါဝင်တဲ့ အမေရိကန်အစိုးရရဲ့ အဓိကတောင်းဆိုချက်တွေ ရရှိဖို့ သဘောတူညီချက်တစ်ရပ်ရနိုင်ပါ့မလားဆိုတာ ရှင်းရှင်းလင်းလင်းမရှိကြသေးပါဘူး။
Ref- NHK
