၁၃.၅.၂၀၂၅
Written by Hey Mar
စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ သက်ကြီးပိုင်းအမျိုးသမီးကြီးတစ်ဦးက နေအိမ်ခြံဝန်းထဲရှိ ရေတွင်းထဲ ခုန်ချခဲ့မှု ဒီနေ့ မေလ ၁၃ ရက် မနက် ၆ နာရီဝန်းကျင်အချိန်က မွန်ပြည်နယ်၊ သထုံမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ရေတွင်းထဲ ခုန်ချခဲ့တဲ့ အမျိုးသမီးကြီးက အသက် ၆၅ နှစ်ရှိပြီဖြစ်ကာ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ မနောသုခလမ်းရှိ နေအိမ်ခြံဝန်းအတွင်းရှိ အနက်ပေ သုံးဆယ်ဝန်းကျင်ရှိတဲ့ ရေတွင်းထဲ ခုန်ချသွားခဲ့တာလို့ သိရပါတယ်။
အဆိုပါ စိတ်ဖောက်ပြန်နေသူ အမျိုးသမီး ရေတွင်းထဲခုန်ချသွားတဲ့ သတင်းရရှိတာကြောင့် သထုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းတို့က ပူးပေါင်းကူညီပေးခဲ့ကြပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အကြင်နာတွဲလက် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “သူ့အိမ်ခြံဝန်းထဲက ရေတွင်းပါပဲ။ သူက ခုန်ချပြီးတော့ ရေပုံးကြိုးကို ပြန်ကိုင်ထားတာပေါ့။ သူနစ်မှာ ကြောက်တော့။ ကျတဲ့အရှိန်နဲ့ကတော့ ခြေလက်တွေပွန်းပဲ့၊ ခေါင်းဖူးယောင်သွားတာပဲ ရှိပါတယ်။ ဆေးရုံကနေ သက်သာလို့ အိမ်ပြန်ခေါ်လာပြီ” လို့ MT News ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ရက်နေ့ကလည်း ရေတွင်းထဲ ကျောက်ခွေဆင်းချပြုပြင်ရာက အမျိုးသားသုံးဦး အောက်စီဂျင်ပြတ်လပ်ပြီး နှစ်သေဆုံးကာ တစ်ဦးကို အသက်ရှင်လျှက်ကယ်တင်နိုင်ခဲ့တဲ့ဖြစ်စဉ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကြာအင်းရပ်ကွက်မှာ ဖြစ်ပွားခဲ့ပါသေးတယ်။



