၁၃. ၅. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသော TNLA ကို နိုင်ငံရေးအရညှိနှိုင်းမှုလက်မခံသဖြင့် နယ်မြေလုယက်သိမ်းယူထားပြီး စစ်ရေးပြင်ဆင်ရာ နောင်ချိုနှင့် မိုးကုတ်မြို့နယ်ရှိ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲချနေရာမှာ ယခုအခါ မန်တုံနှင့် မိုင်းငေါ့မြို့တို့ကိုပါ ဗုံးကြဲခံနေရပြီဖြစ်သည်။
ဖြစ်စဉ်တွင် မေလ ၁၃ ရက်ကူးစ မေလ ၁၂ ရက် ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မန်တုံမြို့ရှိ အောင်ချမ်းသာရပ်ကွက်မှ PSLF/TNLA အခြေစိုက်စခန်းကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နေအိမ် ၁၁ လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
ယင်းအပြင် မိုင်းငေါ့မြို့၊ တာလုံရပ်ကွက်၊ စာသင်ကျောင်းအနီးရှိ PSLF/ TNLA အခြေစိုက်စခန်းကိုလည်း မေလ ၁၂ ရက် ည ၇ နာရီ မိနစ် ၄၀ အချိန်တွင် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA က ပြောသည်။
အလားတူ မေလ ၁၁ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ရှိ တအာင်းလက်နက်ကိုင် PSLF/TNLA ရှိရာ ယာပြင်ကျေးရွာအနီးတစ်ဝိုက်တွင် လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခဲ့သည်ဟုလည်း သိရသည်။
အပစ်အခတ်ရပ်စဲရေးအတွက် မသက်ဆိုင်ဘဲ သိမ်းယူထားသည့် TNLA နယ်မြေလုယက်စိုးမိုးထားရာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ TNLA တပ်များ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ ဆုတ်ပေးရန် တောင်းဆိုသည့် အပစ်ရပ်ရေးတွေ့ဆုံပွဲကို ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်က ဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးမှု အဆင်မပြေသဖြင့် ဩဂုတ်လတွင် ထပ်မံတွေ့ရန် စီစဥ်ခဲ့သည်ဟု PSLF/TNLA ကိုယ်စားလှယ်နှင့် မြန်မာအစိုးရတပ်ကိုယ်စားလှယ်တို့၏ ကူမင်းတွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဥ်းသော PSLF/TNLA ၏ သတင်းထုတ်ပြန်မှုအရ သိရပြီး အဆိုပါဆွေးနွေးပွဲ အဆင်မပြေ၍လည်း TNLA နယ်မြေလုယက်သိမ်းယူထားကာ စစ်ရေးတိုးချဲ့ပြင်ဆင်ထားသော မိုးကုတ်နှင့် နောင်ချိုကို ဧပြီ ၃၀ ရက်မှစတင်ကာ ရက်ဆက် ဗုံးကြဲခဲ့သည့်အပြင် လက်ရှိအချိန်တွင် မန်တုံနှင့် မိုင်းငေါ့အထိပါ တိုးချဲ့ဗုံးကြဲခံလာရခြင်းလည်း ဖြစ်သည်။




