၁၃. ၅. ၂၀၂၅
Translated by Thettant
ဘန်ကောက်မြို့၊ ဆွိုင်အွန်နတ် ၆၅ ရှိ နေအိမ်တစ်အိမ်၌ ဇနီး၏အလုပ်ရှင်ဖြစ်သူ အသက် ၇၀ နှစ်အရွယ် Gym လုပ်ငန်းပိုင်ရှင်ကို သတ်ဖြတ်ပြီး တိမ်းရှောင်နေသည့် အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား သံသယရှိသူစိုင်းဟန်အား၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။
ကိုယ်ဝန်ဆောင်ဇနီးသည်ကို သတ်ပစ်မည်ဟု စိုင်းဟန်က ခြိမ်းခြောက်ခဲ့သော်လည်း ဇနီး၏အလုပ်ရှင် သက်ကြီးပိုင်းအမျိုးသားကို ပစ်သတ်ခဲ့သော အသက် ၂၃ နှစ်အရွယ် စိုင်းဟန်ကို ဘန်ကောက်မြို့တွင် သုံးရက်ကြာ လူရှာဖွေမှုအပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ရဲအရာရှိများက အတည်ပြုခဲ့သည်မှာ တရားခံစိုင်းဟန်အား တနင်္လာနေ့ ည ၈ နာရီတွင် ဘန်ကောက်မြို့၊ ဝတ်သနခရိုင်၊ ဆွိုင်ဝန်နတ် ၆၅ ၌ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များသည် အခင်းဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ၎င်းအား ခြေရာခံနေခဲ့ပြီး ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးနိုင်သူကို ဘတ် ၂၀,၀၀၀ ဆုချမည်ဟု ဝရမ်းထုတ်ထားခဲ့သည်။
စိုင်းဟန်သည် ဘန်ခဲဧရိယာရှိ Gym လုပ်ငန်းပိုင်ရှင် အသက် ၇၀ နှစ်အရွယ် ရွတ်သာရို ဆူဝန်စူမတ်ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် မေလ ၁၀ ရက်နေ့တွင်ပင် တရားရုံးမှ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရဲမှတ်တမ်းများအရ ဖြစ်စဉ်မတိုင်မီ မေလ ၁၀ ရက်က စိုင်းဟန်သည် သူ၏ အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်ဇနီးသည် မပုံ့အား သူမ၏အလုပ်ရှင်အိမ်၌ လာတွေ့မည်ဟု ခေါ်ဆိုခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။
ကိုယ်ဝန်ငါးလရှိနေသည့် မပုံမှာ ယခင်က ခင်ပွန်းဖြစ်သူ၏ အကြမ်းဖက်မှုများကြောင့် ထိတ်လန့်နေခဲ့ရပြီး သူမ၏အလုပ်ရှင်ကို ခြိမ်းခြောက်မှုများအကြောင်း အသိပေးခဲ့သည်ဟု သိရသည်။ စိုင်းဟန်ရောက်လာပြီး နေအိမ်ထဲသို့ ဝင်ရောက်လာသောအခါ ရွတ်သာရိုက ပွိုင့် ၃၈ ပစ္စတိုသေနတ်ဖြင့် ရင်ဆိုင်ကာ မပုံ့ကို တွေ့ခွင့်ပြုမည်မဟုတ်ကြောင်း အခိုင်အမာပြောခဲ့သည်။
သေနတ်ပြ ခြိမ်းခြောက်သည့်အတွက် စိုင်းဟန်နှင့် ရွတ်သာရိုတို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာမှ ထိုင်းလူမျိုး သက်ကြီးပိုင်းအမျိုးသား သေဆုံးစေသည့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုအပြီးတွင် သံသယရှိသူသည် သေဆုံးသူပိုင် Honda CR-V ကားကိုယူ၍ သေဆုံးသူ၏သေနတ်ကိုပါ ကိုင်ဆွဲကာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးခဲ့သည်။ ဆွေမျိုးများက တစ်နာရီကျော်ကြာမှသာ ဖြစ်ပျက်ခဲ့သည်ကို သိရှိခဲ့ရာ မြန်မာအမျိုးသားအတွက် ထွက်ပြေးရန် အချိန်ရခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအတွင်း မပုံ့က သူမ၏ ခင်ပွန်းသည်ကို သူမ၏အလုပ်ရှင်ထံ အလုပ်ရရန် ကူညီပေးမည်ဟု ယခင်က ကတိပေးခဲ့ဖူးသော်လည်း အလုပ်မရခဲ့၍ စိုင်းဟန်က ဒေါသထွက်နေခဲ့ကြောင်း မီဒီယာများကို ထွက်ဆိုခဲ့သည်။ သူမသည် ရွတ်သာရို၏ သက်ကြီးပိုင်းမိခင်အတွက် ပြုစုသူအဖြစ် လုပ်ကိုင်နေသူဖြစ်သော်လည်း သူမ ခင်ပွန်းဖြစ်သူ၏ အရက်သောက်ခြင်းပြဿနာများနှင့် မူးယစ်ပါက အကြမ်းဖက်သော အပြုအမူများအကြောင်း ရွတ်သာရိုကို ရိုးသားစွာ ပြောပြခဲ့ရာမှ စိုင်းဟန်ကို အလုပ်ခန့်ရန် ငြင်းဆိုခြင်းခံခဲ့ရသည်။
“ဒီကြေကွဲဖွယ်ရာဖြစ်ရပ်အတွက် ကျွန်မအလုပ်ရှင်ရဲ့ မိသားစုကို တောင်းပန်ပါတယ်” ဟု မြန်မာအမျိုးသမီးမပုံ့က ပြောကြားခဲ့သည်။
သူမ၏ ပြဿနာများ ပိုမိုကြီးမားလာခဲ့သည်မှာ ရဲတပ်ဖွဲ့က သူမသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြောင်း တွေ့ရှိခဲ့ပြီး ဥပဒေအရလည်း အရေးယူခံရမည်ဖြစ်သောကြောင့် ဖြစ်သည်။
ရဲတပ်ဖွဲ့သည် CCTV မှတ်တမ်းများမှတစ်ဆင့် သံသယရှိသူအား ခြေရာခံခဲ့ပြီး ချာတူးချတ်ခရိုင်၊ ဝိဇ္ဇာဝတီရန်စစ်လမ်းမကြီးပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့တိုက်ခန်းများရှေ့တွင် ခိုးယူထားသော ကားကို စွန့်ပစ်ထားသည်ကို တွေ့ရှိကြောင်း သတင်းပေးပို့မှု ရရှိခဲ့သည်။ ကားတွင် ယာဥ်တိုက်မိမှုများစွာ၏ အမှတ်အသားများရှိနေပြီး ခိုးယူလာသူယာဉ်မောင်းသည် ရန်စစ်ဘက်သို့ ရထားစီးသွားသည်ကို သက်သေများက ပြောကြားခဲ့သည်။ ထို့အတွက် လိုက်လံစုံစမ်းရာမှ တရားခံစိုင်းဟန်အား ဖက်ကဆန်ရဲစခန်းတွင် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
Ref, Khaosod



