
၁၁.၅.၂၀၂၅
Written By Thandar
မြန်မာ့ဆေးပညာရှင်များ အသင်းချုပ်ရဲ့ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲ မြန်မာ့ဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုမျှဝေခြင်း အခမ်းအနားကို ယနေ့ မေလ ၁၁ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အေးငြိမ်းချမ်းသာဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ပါတယ်။
“ဒီပွဲလေး လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့အသင်းက သမိုင်းနဲ့ချီပြီး လာခဲ့တဲ့အသင်းပါ။ မြန်မာ့ဆေးပညာလို့ ဘာလို့ နာမည်ပြောင်းထားရသလဲဆိုရင် မြန်မာတစ်မျိုးသားလုံး ပိုင်တဲ့ မြန်မာ့ဆေးပညာကို သိစေချင်တာရယ်၊ ပေါ်လွင်စေချင်တာရယ်ကြောင့် မြန်မာ့ဆေးပညာအသင်းဆိုပြီး အမည်ပြောင်းထားတာပါ။ ကျွန်တော်တို့လို သမိုင်းရှည်လျားတဲ့ အသင်းတစ်သင်းဖြစ်တဲ့ မြန်မာ့ဆေးပညာအသင်းက ပုံမှန် နှစ်တိုင်း တပို့တွဲလဆန်း ၅ ရက်နေ့ သမားတော်နေ့မှာ သမားတော်ညီလာခံ တစ်ကြိမ်လုပ်တယ်။ ဒီလိုမျိုး ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)မှာ ကျွန်တော်တို့ ဆေးပညာသည်လည်း အဘိဓမ္မာဒေသနာကနေ ပေါက်ဖွားလာတာဖြစ်တဲ့အတွက် ဗုဒ္ဓနေ့နဲ့ ကွဲလွဲသွားလို့ မရဘူး။ တစ်ထပ်တည်းကျတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုနေ့မျိုးမှာလည်း ဒီလိုအခမ်းအနားတွေကို ကျင်းပပါတယ်။ တစ်နှစ်ကို နှစ်ကြိမ် ပုံမှန် လုပ်ဖြစ်ပါတယ် ”လို့ မြန်မာဆေးပညာရှင်များ အသင်းချုပ်နာယကကြီး ဆရာကြီးဦးဇော်ဟိန်းက ပြောပါတယ်။

အဆိုပါ မြန်မာဆေးပညာရှင်များ အသင်းချုပ်အနေနဲ့ ငလျင်ဘေးသင့်အလှူ ကျပ် ၁၀ သိန်းကို ပရဟိတဆရာမမြတ်သစ္စာနဲ့အတူ ပါဝင်လှူဒါန်းခဲ့ပါတယ်။ ဒီအသင်းက ဧရာဝတီတိုင်းဒေသကြီးမှာ မြန်မာ့ဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာကနေ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အနှံ့မှာ မြန်မာ့ဆေးပညာကို ဖွံဖြိုးတိုးတက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ယခုလိုမြန်မာ့ဆေးပညာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျှဝေခြင်း အခမ်းအနားကို ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
“မြန်မာပြည်မှာရှိတဲ့ ဆေးပညာရှင်တွေ မြန်မာပြည်မှာ ကွယ်ပျောက်နေတဲ့ ဆေးပညာတွေကို ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ မြန်မာ့ဆေးပညာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျှဝေခြင်း အခမ်းအနားကို လာရောက်ဖြစ်တာပါ။ မြန်မာ့ဆေးပညာကို ပြန်လည်ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ မြန်မာဆေးပညာရှင်များ အသင်းချုပ်နဲ့ပူးပေါင်းပြီး ဆောင်ရွက်ဖြစ်တာပါ။ ရန်ကုန်မြို့မှာ ဆေးပညာနဲ့ ပတ်သက်ပြီး တက်ချင်တဲ့ သင်တန်းသားတွေ လာရောက်လေ့လာချင်ရင် လေ့လာလို့ ရအောင် အခုလိုမျိုး ပွဲလေး ဆောင်ရွက်ဖြစ်တာပါ”လို့ ဒါရိုက်တာ ကျော်ဟိန်းကျော်ကပြောပါတယ်။
