


၁၁. ၅. ၂၀၂၅
Translated by Thettant
မိုးရွာထဲ ဆိုင်ကယ်စီးလာသော မြန်မာနိုင်ငံသားဇနီးမောင်နှံ၏ ဆိုင်ကယ်မှောက်ချိန် ကားဝင်တိုက်ရာမှ နှစ်လောင်းပြိုင်သေဆုံးမှု ထိုင်းနိုင်ငံတွင် ယမန်နေ့ မေလ ၁၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်၊ ပက်ခရက်ရဲစခန်းမှ တာဝန်ရှိသူများသည် မေလ ၁၀ ရက် စနေနေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် လမ်းပေါ်တွင် သေဆုံးလျက် တွေ့ရှိခဲ့သော အသက် ၃၈ နှစ်နှင့် ၃၅ နှစ်အရွယ် မြန်မာဇနီးမောင်နှံ၏ ယာဥ်တိုက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့သည်။ အနီးအနားတွင် Honda အမျိုးအစားဆိုင်ကယ်တစ်စီးကို တွေ့ရှိခဲ့သော်လည်း အခြားသော တိုက်မိမှုဖြစ်ပွားထားသည့် ယာဉ်များကို မတွေ့ရှိရသဖြင့် မျက်မြင်သက်သေတစ်ဦး၏ ကားရှေ့မှ CCTV ကင်မရာမှ ရုပ်ပုံများကို စစ်ဆေးကြည့်ရာ မိုးရွာထဲမောင်းနှင်လာသည့် ဆိုင်ကယ်သည် ချော်လဲတိမ်းမှောက်သွားသည့်အချိန်နှင့် တစ်ပြိုင်နက် ဆန့်ကျင်ဘက်မှ မောင်းနှင်လာသော ပစ်ကပ်ထရပ်ကားတစ်စီးက ၎င်းတို့အား တိုက်မိသွားပြီး ယာဥ်က ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသည်ကိုသာ တွေ့ရှိခဲ့ရသည်။
ရဲတပ်ဖွဲ့သည် ဆိုင်ကယ်တိမ်းမှောက်ရာမှ ကားတိုက်ခံရပြီး သေဆုံးသွားသည့် ဇနီးမောင်နှံ၏ သမီးဖြစ်သူထံ ဆက်သွယ်အသိပေးခဲ့ပြီး ဆက်လက်မေးမြန်းစစ်ဆေးနိုင်ရန်နှင့် ပစ်ကပ်ထရပ်ကားမောင်းသူကို ခြေရာခံနိုင်ရန် အနီးတစ်ဝိုက်ရှိ CCTV မှတ်တမ်းများကို ဆက်လက် စစ်ဆေးနေသည်ဟု သိရသည်။
