




၁၁.၅.၂၀၂၅
Written by Hey Mar
“ငယ့်ဆီကို ရောက်အောင် ပို့ပေးပါ ၊ နောက်ဆုံးဆန္ဒပါ”ဆိုတဲ့ စာတစ်စောင် ရေးသားချန်လှပ်ခဲ့ပြီး ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ)အဆုံးစီရင်သွားမှု မန္တလေးမြို့လယ်ခေါင်က နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တာကို နယ်မြေခံ မဏိစလ လူမှုကူညီရေးအသင်းက ရုပ်အလောင်းသွားရောက်သယ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၆-၃၇ နဲ့ ၈၃-၈၄ လမ်းကြားက နေအိမ်တစ်မှာ ဖြစ်ပွားခဲ့ပြီး အဆိုပါနေအိမ်မှာ ညီအစ်ကို နှစ်ဦးတည်း နေထိုင်ဖွယ်ရှိကာ သေဆုံးသူရဲ့ညီငယ်တစ်ဦးကိုသာ အသင်းက ရုပ်အလောင်းသွားရောက်သယ်ဆောင်စဉ် တွေ့ရှိရတယ်လို့ သိရပါတယ်။
မဏိစလ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ” မိဘတွေ ဘာတွေ မတွေ့ခဲ့ရဘူးခင်ဗျ။ ညီဖြစ်သူထင်ပါတယ်။ တစ်ဦးက ငိုနေတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာက စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ပြီးတော့ ရုပ်အလောင်း ဖြုတ်ပေးပြီး မန္တလေး ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ပေးခဲ့ပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူ လူငယ်မှာ မိန်းကလေးကိစ္စ သမီးရည်းစားသဘာဝ အဆင်မပြေမှုကြုံတွေ့ခဲ့ရလို့ အခုလို စီရင်သွားဖွယ်ရှိကြောင်းနဲ့ သေဆုံးရဲ့ အနီးအနားရှိ ဗလာစာအုပ်ထဲမှာ သူ့နဲ့ ပတ်သတ်တဲ့ ငယ်ဆိုတဲ့ မိန်းကလေးကို နောက်ဆုံးပြသပေးဖို့ တောင်းဆိုထားတဲ့ စာတစ်စောင် ရေးသားထားပြီး အဆိုပါ မိန်းကလေးမရှိဘဲ သူမနေနိုင်တာကြောင့် အခုလို ပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ သေဆုံးသူက အမေဖြစ်သူကိုလည်း သူ့ကိုခွင့်လွှတ်ဖို့တောင်းပန်ရေးသားထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကလည်း မန္တလေးမြို့၊ အမပူရမြို့နယ်မှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဆွဲကြိုးချ(ကြိုးဆွဲချ) အဆုံးစီရင်မှု တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ လူငယ်ဘာဝ လွန်ကျူးပြီးကောင်လေးဘက်က တာဝန်မယူတဲ့ သဘောဖြစ်တာမို့ အဲဒီလိုလုပ်ဖွယ်ရှိတယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ သီရိဆင်ကာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကို ဖြေကြားထားပါတယ်။
