◾️ တရုတ်သမ္မတ ရှီကျင်းဖိန်နှင့် တွေ့ဆုံမှုတွင် ကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိခဲ့ပြီး ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံခဲ့ဟုပါ ပြောကြား





၁၁. ၅. ၂၀၂၅
Written by Nyein Kyaw
ရုရှားခရီးစဉ်အတွင်း နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ယခုနှစ်ကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း ရှင်းပြနိုင်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်အားလုံးက လက်ခံအားပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
SAC ဥက္ကဋ္ဌသည် မော်စကိုမြို့တွင် ကျင်းပခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် မေလ ၇ ရက်က ရုရှားနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် မော်စကိုမြို့မှ မြန်မာနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာချိန် လေယာဉ်ပေါ်တွင် ခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံ့ခေါင်းဆောင်တချို့နဲ့ အလွတ်သဘောတွေ့ဆုံတာလည်းရှိသလို တွေ့ဆုံဆွေးနွေးနိုင်မှုလည်း ရရှိခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကနေပြီးတော့မှ ကျွန်တော့်သဘောပေါ့ဗျာ။ ကျွန်တော်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့အတွက် ကျွန်တော်လက်ခံပါတယ်။ ဒီအတိုင်းကျွန်တော်တို့သွားဖို့ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ကျွန်တော်တို့ ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်း သူတို့ကို ရှင်းပြပါတယ်။ ဆွေးနွေးတဲ့သူတွေကတော့ဗျာ အားလုံးလက်ခံပြီးတော့မှ အားပေးထောက်ခံမှုရှိတာကိုလည်း ကျွန်တော်တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေ တချို့နိုင်ငံတွေကို ရှင်းပြနိုင်ခဲ့သလို တချို့နိုင်ငံတွေကတော့ မိတ်ဆက်တွေ့ဆုံရတာပေါ့။ ကောင်းပါတယ်။ အားလုံးတွေ့ရတာကတော့ အားလုံးကောင်းပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်” SAC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ ရုရှားနိုင်ငံခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင်းဖိန်နှင့် သီးခြားတွေ့ဆုံခဲ့ရာတွင်လည်း ကောင်းမွန်သည့် ရလဒ်ကောင်းများရရှိခဲ့ကြောင်းနှင့် သမ္မတရှီကျင်းဖိန်က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ခိုင်မာစွာ ထောက်ခံခဲ့သည့်အပြင် ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုများကိုလည်း အားပေးထောက်ခံခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကတော့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ မဟာဗျူဟာမိတ်ဖက်နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ ခွဲခြားလို့မရတဲ့ အိမ်နီးချင်းနိုင်ငံတွေလည်းဖြစ်ပါတယ်။ နောက်တစ်ခါ သံတမာန်ဆက်ဆံရေးကလည်း ၇၅ နှစ်ကျော်ကာလကို ရောက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့နိုင်ငံတစ်ခုလို့ ကျွန်တော်ပြောချင်ပါတယ်။ သမ္မတကြီးကတော့ မန္တလေးငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ သူက ပြည်သူတွေအသက်ဆုံးရှုံးမှုနဲ့ ထိခိုက်ဆုံးရှုံးမှုများအတွက်လည်း စိတ်မကောင်းတဲ့အကြောင်း နှုတ်ကလည်း ထုတ်ပြောတယ်။ ဖြစ်ပြီးတဲ့အချိန်မှာလည်း ကျွန်တော့်ဆီကိုလည်း သဝဏ်လွှာပို့ပါတယ်။ ငလျင်နဲ့ပတ်သက်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်ကူညီဆောင်ရွက်ပေးမယ်ဆိုတာလည်း အလေးအနက်ထားပြီး သူပြောပါတယ်ခင်ဗျ။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ နယ်မြေပိုင်ဆိုင်မှု၊ နောက်ပြီး ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လည်း ခိုင်မာစွာထောက်ခံတဲ့အကြောင်းလည်း သူပြောပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးပေါ့။ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း အားပေးတဲ့အကြောင်း သူ ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော့်အနေနဲ့လည်း OBOR လမ်းကြောင်းပေါ်မှာ ခိုင်မာစွာရပ်တည်တဲ့အကြောင်းပေါ့ဗျာ၊ မြန်မာနိုင်ငံကနေ တက်ကြွစွာ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ကျွန်တော်ပြောဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေလေးလည်း အကြမ်းဖျင်းကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ်။ နောက်တစ်ခုက တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြန်အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး၊ မြှင့်တင်ရေးနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သမ္မတကြီးကပေါ့ဗျာ။ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံတဲ့အကြောင်းကိုလည်း ဒါကိုထပ်ပြီးပြောပါတယ်ဗျ။ တွေ့ဆုံဆွေးနွေးရတာလည်း ကောင်းမွန်တဲ့ရလဒ်ကောင်းတွေ ရရှိတယ်ဆိုတာလေးလည်း ကျွန်တော်ပြောချင်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ခဲ့သည့် SAC ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယမန်နေ့ ညပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
