
၁၁. ၅. ၂၀၂၅
Written by Nay Moe
NUG ၏ MOD လက်အောက်ခံ PDF၊ တောင်ပိုင်း အမှတ် (၁) စစ်ဆင်ရေးနယ်မြေ နှင့် အမှတ် (၂) စစ်ဆင်ရေးနယ်မြေတို့၏အစီအစဉ်၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၅ ခုနှစ် မေလ (၈)ရက်က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ တပ်မတော်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု MOD စစ်ရုံးချုပ်က ယနေ့ထုတ်ပြန်ထားသည်။
၎င်းတိုက်ပွဲမှ ပွိုင့် 5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ (၈၃) လက်၊ ဂျန်မာစက် (၃) လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ တိုက်ပွဲတွင်း ရန်သူရုပ်အလောင်း (၃၀) ဦး တွေ့ရှိရပြီး၊ စစ်သုံ့ပန်း (၆) ဦးနှင့် မိသားစုဝင် (၇) ဦး ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်ဟုဆိုကာ တပ်ရင်းမှုးအပါအဝင် အရာရှိများနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွာသွားခဲ့သည်ဟု ဆိုသည်။
ထိုစစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF(အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇)မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၀)မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)မှ တပ်ရင်း(၇)နှင့် ဒရုန်းအဖွဲ့များ လက်တွဲတိုက်ပွဲဝင်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။
