




၁၁.၅.၂၀၂၅
Written By Thandar
အလိုတော်ပြည့် ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော်ကြီးကို အမှူးထားပြီး Lady Grace Diamond Land က အလှူဒါယိကာ ကိုဇော်မျိုးဦး၊ ဒါယိကာမ ဒေါက်တာ မနန်းတင်မိုးသူ တို့က ရှင် ၁၀၈ ပါး ရှင်ပြုအလှူတော်မင်္ဂလာပွဲ အခမ်းအနားကို ယနေ့ ကဆုန်လပြည့်နေ့ မေလ ၁၁ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
“ဦးဇင်းတို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ Lady Grace Diamond Land စိန်တိုက် မိသားစုတွေက ကိုဗစ်ကာလလောက်ကတည်းက ခုလို ရှင်သာမဏေ သံဃာတော် ၁၀၈ ပါး လှူဖို့ ရည်မှန်းခဲ့တယ်။ နောက်ငလျင်ဘေးတွေပါဖြစ်တာနဲ့ ခုမှ လုပ်ဖြစ်သွားတာပါ။ ကိုဇော်မျိုးဦးနဲ့မနန်းတင်မိုးသူတို့က ကမကထ ပြုလုပ်ပြီးတော့ သံသရာဝဋ်ဆင်းရဲက ကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ရည်စိတ်သန်အာရုံပြုပြီး သာသနာ့အမွေ မခံယူဖူးသေးတဲ့ ရင်သွေးငယ် ၁ဝ၈ ဦးတို့ကို လှူဒါန်းလို့ ပီတိလည်းဖြစ်ပါတယ်”လို့ ဆရာတော်အသျှင်ကုမာရက MT Entertainment ကို မိန့်ကြားပါတယ်။
အဆိုပါ သာသနာ့ပြုအလှူမှာတော့ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ခန့်စည်သူ၊ အဆိုတော် ဟဲလေး၊ အကယ်ဒမီ ချောရတနာ၊ သရုပ်ဆောင် Ella ရွှေစင် စတဲ့သူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဆရာတော်က နမောတဿသုံးကြိမ်ရွတ်ပြီး အခမ်းအနားကို စတင်ခဲ့ပါတယ်။ ရှင် ၁၀၈ ပါးတို့ကို ရှစ်ပါးသော ပရိက္ခရာစုံလင်စွာနဲ့ ပဗ္ဗဇအမွေ ရှင်သာမဏေအဖြစ် မြင့်မြတ်တဲ့ သာသနာဘောင်သို့ သွတ်သွင်းချီးမြှောက်ခဲ့ကြောင်း သိရပါတယ်။
