
၁၀.၅.၂၀၂၅
Written By Thandar
အနုပညာလောကမှာ တစ်စိုက်မတ်မတ်လျှောက်လှမ်းလာတဲ့ သရုပ်ဆောင် နေမျိုးအောင်ကတော့ လက်ရှိ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ခေါင်းဆောင်မင်းသား သရုပ်ဆောင်အဖြစ်နဲ့ မကြာခင်မြင်တွေ့ရမယ်လို့ ဖွင့်ဟလာပါတယ်။
“ကျွန်တော်က ဒီဇာတ်ကားမှာ တကယ့်ကို အတ္တကြီးတဲ့ ဦးရဲခေါင်ဆိုတဲ့ ဘဲကြီးနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဦးရဲခေါင်နဲ့ နေမျိုးအောင်ကတော့ အတူတူပါပဲ။ သိပ်မကွာဟပါဘူး။ အတ္တကြီးသင့်သလောက်က ကြီးတယ် ဟုတ်တယ်မလား။ နေမျိုးအောင်ရဲ့အိုက်တင်ကတော့ ဦးရဲခေါင် အိုက်တင်ပီပြင်ဖို့ လုပ်နေပါတယ်။ ခုကတော့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ ထားထားတာပါ။ နေမျိုးအောင်ရဲ့ အိုက်တင်က သက်သက်တော့ ရှိပါတယ်”လို့ သရုပ်ဆောင် နေမျိုးအောင်က ပြောပါတယ်။
သူကတော့ မေလ ၁၉ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ စိုးမိုးမင်း ရိုက်ကူးထားတဲ့ လောကဓံ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ရှင်မွေလ၊ ဘုန်းမင်းနေလ၊ ဟိန်းသီဟ၊ ဝိုင်းအုပ်စိုးအောင်၊ ရွှေသမီး၊ မေဂရေ့စ်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ နေမျိုးအောင်က အနုပညာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ကျရာဇာတ်ရုပ်မှာ ဆေးစက်ထင်အောင် ဖန်တီးနိုင်သူလည်းဖြစ်ပါတယ်။
“ခေါင်းဆောင် မင်းသားနေရာနဲ့ ရိုက်ဖို့ရှိတယ်။ ကိုယ်နဲ့လိုက်ဖက်တဲ့ ခေါင်းဆောင်ပေါ့။ ဒီအသက်အရွယ်နဲ့ လိုက်ဖက်တာ ရိုက်ဖို့ရှိပါသေးတယ်။ ကိုယ့်အသက်အရွယ်နဲ့လိုက်တဲ့ ခေါင်းဆောင်မင်းသား သရုပ်ဆောင်အဖြစ် တွေ့ရဦးမှာပါ။ ကြိုပြောလို့တော့ မရသေးပါဘူး။ လူရယ်လို့ ဖြစ်လာရင် အခက်အခဲတွေ အမြဲတမ်းရှိတယ်။ အတက်အကျအနိမ့်အမြင့်တွေရှိတယ်။ ကိုယ်တို့ဆိုလည်း အောက်ခြေကနေ ဒီနေရာတစ်ခုရောက် အောင်ကြိုးစားခဲ့တာပဲလေ။ ဒါကတော့ လောကဓံပါပဲ”လို့ သူက ဆက်ပြောပါတယ်။
#နေမျိုးအောင် #NayMyoAung #MyanmarActor #MyanmarCele #လောကဓံရုပ်ရှင်ဇာတ်ကားကြီး #LeadingRole #MyanmarLeading


