
၁၀.၅.၂၀၂၅
Written by Hey Mar
နေပြည်တော်အပိုင် ဇေယျာသီရိမြို့နယ်မှာ မနေ့က မေလ ၉ ရက်နေ့ ညနက်ပိုင်းနဲ့ သန်းခေါင်ကျော် မေလ ၁၀ ရက်ကူးတဲ့ အချိန်အတွင်း ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွေအတွင်း အမျိုးသားလူရွယ်နှစ်ဦး နေရာတင်သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ကရုဏာရှင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ပထမဖြစ်စဥ်က ည ၁၀ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့ပြီး၊ အခင်းဖြစ်ပုံကတော့ ဇေယျာသီရိမြို့နယ် ဗောဓိမြိုင်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း တောင်ဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးက ဝင်ပျံရွာဘက်ကို လမ်းဖြတ်ကူးရာ မြောက်ဘက်က မောင်းနှင်လာတဲ့ လိုက်ထရက်ကားက မတော်တဆဝင် ရောက်တိုက်မိခဲ့တာကြောင့် ဆိုင်ကယ်နဲ့ လမ်းဖြတ်ကူးသူ အသက်သုံးဆယ့်ငါးနှစ်ခန့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်အတွင်း မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ ကရုဏာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဆိုင်ကယ်စီးသူတွေကို သတိပြုစေချင်တာပါ။ မသေသင့်ဘဲ သေရတာမျိုးက အင်မတန် စိတ်မကောင်းစရာပါ။ ဆိုင်ကယ်က မီးမပါဘူး။ နှစ်ဖက်စလုံး အရှိန်ဘယ်လောက်ပြင်းသလဲဆို တိုက်ထားတဲ့ အခြေအနေတွေက အတော်ဆိုးတယ်။ မျက်ကွယ်လည်းမဟုတ် မျက်မြင်မှာတောင် ဖြစ်သွားတာ” လို့ MT News ကို ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသူအမျိုးသားကို သက်ဆိုင်ရာက လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ နေပြည်တော်ပြည်သူ့ဆေးရုံကုတင် (၁၀၀၀)ဆီ ကရုဏာရှင်လူမှူကူညီရေးပရဟိတအသင်းမှ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒုတိယဖြစ်စဥ်က မေလ ၁၀ ရက်ကူးတဲ့အချိန် သန်းခေါင်ကျော်မှာ ဖြစ်ပွားခဲ့ကာ လမ်းမပေါ် အရက်မူးကာ လဲနေဟန်ရှိတဲ့အမျိုးသားလူရွယ်ကို ယာဉ်သုံးစီးထက်မနည်းက တိုက်ကြိတ်သွားဖွယ် ရုပ်ပျက်ဆင်းပျက် သေဆုံးနေတဲ့ ရုပ်အလောင်းကို ကောက်ယူရတာလို့ ကရုဏာရှင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက MT News ကို ဆက်လက်ပြောပြပါတယ်။
အဆိုပါဖြစ်စဉ်ကလည်း ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ဝင်ပျံကျေးရွာအနီးမှာပဲ ဖြစ်ပွားခဲ့တာပါ။
“အဲ့ဒီအမျိုးသားကို ပထမ မတော်တဆတိုက်ခဲ့တာက ကားလေးလို့ ခန့်မှန်းယူဆရတယ်။ နောက်မှ ကားကြီးတွေက ထပ်ပြီး မတော်တဆကြိတ်မိပုံပဲ။ အလောင်းက အသက်တောင်ခန့်မှန်းလို့မရဘူး။ အတော်ပျက်စီးနေပြီ။ အခုထိလည်း ပိုင်ရှင်မပေါ်ဘူး” လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါ သေဆုံးသူအမျိုးသားကိုလည်း ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ပြည်သူ့ဆေးရုံကုတင် (၁၀၀၀)ဆီ အသင်းက ထပ်မံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။




