
၁၀.၅.၂၀၂၅
Written by Hey Mar
ရန်ကုန်-မန္တလေး လမ်းဟောင်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အပိုင်မှာ ဆီဘောက်ဆာယာဉ်နှစ်စီး တိုက်မိရာက လူသုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတဲ့ဖြစ်စဉ် မနေ့က မေလ ၉ ရက်နေ့ ညနေ သုံးနာရီအကျော်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဆင်ဖြူတော် လူမှုကူညီရေး အသင်းထံက သိရပါတယ်။
အဆိုပါ ဆီဘောက်ဆာယာဉ်နှစ်စီးက မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက်လားရာတွေကနေ မောင်းနှင်လာကြတာဖြစ်ပြီး ရေတာရှည်နဲ့ ကေတုမတီမြို့သစ်ကြား မြောက်နမ်ချွန် ကျေးရွာအနီးမှာ တိုက်မိခဲ့တာလို့ သိရပါတယ်။ တစ်စီးမှာ ဆီအပြည့်တင်ဆောင်မောင်းနှင်လာတဲ့အတွက် မီးလောင်မှုမဖြစ်ပွားစေရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရေတာရှည်မြို့နယ်ကဆောင်ရွက်ခဲ့ကာ နောက်တစ်စီးကတော့ အခွံအလွတ်မောင်းနှင်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ် ခေါင်းခန်းကနေ အသီးသီးလိုက်ပါစီးနင်းလာတဲ့ အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးအနက် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆင်ဖြူတော် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ဆီဘောက်ဆာယာဉ်နှစ်စီးက ဘယ်လိုအခြေအနေနဲ့ တိုက်မိလဲတော့ မသိဘူးခင်ဗျ။ ကားတွေ ပုံစံကတော့ ကိုယ်ထည်တွေက လမ်းပေါ်မှာ။ ခေါင်းတွေကတော့ လမ်းဘေးမြောင်းထဲ ထိုးကျနေတာ။ တစ်စီးက ယာဉ်မောင်းနဲ့ အမျိုးသမီးတစ်ဦး နှစ်ဦးစီးနင်းလာတာမှာ နှစ်ဦးစလုံး သေဆုံးတယ်။ နောက်တစ်စီးကလည်း ယာဉ်မောင်းရယ်၊ စပါယ်ယာရယ်၊ အမျိုးသမီးတစ်ဦးရယ်မှာ စပါယ်ယာက ဆေးရုံအရောက်ဆုံးတယ်။ ယာဉ်မောင်းက ပေါင်ကျိုးလို့ ရန်ကုန်ဆေးရုံကြီးလွှဲတယ်ခင်ဗျ။ အခု လိုက်ပို့နေတာပါ။ မိန်းကလေးကတော့ တောင်ငူဆေးရုံမှာပဲ အန္တရာယ်ကင်းပါပြီ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ဆီဘောက်ဆာယာဥ်နှစ်စီး တိုက်မိမှု ဖြစ်စဥ်က သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကေတုမတီမြို)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဆွာမြို့)၊ Save The Trees Rescue TeamTaungoo နဲ့ ဆင်ဖြူတော် လူမှုကူညီရေးအဖွဲ့တို့ သွားရောက်ကာ မြေပြင်ပြုစုကူညီပေးခဲ့ကြပြီး ရေတာရှည်ဆေးရုံနဲ့ တောင်ငူဆေးရုံကြီးဆီ အသီးသီး ပို့ဆောင်ကုသမှုခံယူစေကာ ဆေးရုံလွှဲပြောင်းလူနာကိုလည်း လိုက်လံ ပို့ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။





