




၁၀.၅.၂၀၂၅
Written by Hey Mar
လမ်းသွယ်ထဲကနေ အရှိန်နဲ့ထွက်လာတဲ့ ပရိုဘောက်စ်အမျိုးအစားတက္ကစီယာဉ်ကို တိုက်မိတဲ့ ကန်တာယာဉ်တစ်စီး လမ်းဘေးကွမ်းယာဆိုင်ကိုပါ ထပ်မံဝင်တိုက်မိပြီး အဆိုပါဆိုင်မှာ ဈေးဝယ်နေတဲ့အမျိုးသား နှစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် မေလ ၉ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရာက်ရှိခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းမကြီး၊ စစ်တောင်းမှတ်တိုင်၊City Mart ရှေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ အနီးအနားပတ်ဝန်းကျင်မှ ပြောကြားချက်ရ Taxi ယာဉ်နဲ့ Canter တို့ တိုက်ရာမှ Canter ကားက ကွမ်းယာဆိုင်ကို ထပ်မံတိုက်မိကြောင်း၊ ကွမ်းယာရောင်းသူအပါအဝင် ဆိုင်မှာ ကွမ်းဝယ်ပြီး ထိုင်နေတဲ့ အမျိုးသားလေးဦးအနက် လမ်းဘေးမြောင်းထဲ ပြုတ်ကျသူရှိသလို အသက်သုံးဆယ်ဝန်းကျင် အမျိုးသားတစ်ဦးကတော့ ညာခြေ ကျိုးပြီး ဆေးရုံတင်ပို့စဉ် လမ်းမှာ သေဆုံးကြောင်း ဝန်းရံမှူးလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ အသင်းတာဝန်ရှိသူက “လမ်းဘေး မြောင်းထဲ ပြုတ်ကျတာ လူငယ်နှစ်ဦးပြုတ်ကျပေမယ့် ဘေးပတ်ဝန်းကျင်ကလည်း သေချာ မမြင်လိုက်တော့ ဒဏ်ရမရဘဲ ထပြေးသွားတဲ့ တစ်ယောက်ကိုပဲထင်ပြီး ကူညီကယ်ဆယ်ရေးက ရှာဖို့လုပ်ချိန် ထပြေးပြီး ပြန်သွားပြီလို့ ပြောကြတယ်။ အဲဒါနဲ့ မျက်မြင်လူနာတွေ ပြုစုပေးပြီး ဆေးရုံ ပို့ပြီးမှ၊ အခုညနေမှ မြောင်းထဲက အလောင်းပေါ်တယ်ဆိုလို့ သွားထပ်ကောက်ပေးခဲ့ပါတယ်” လို့ ဖြစ်စဉ်ကို MT News ကို ပြောပြပါတယ်။
ရေမြောင်းထဲမှာ သေဆုံးနေသူလူငယ်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး သူငယ်ချင်းဆီလာရင်းနဲ့ အခုလို ဖြစ်စဉ်ကြုံတွေ့ရတာလို့လည်းသိရပါတယ်။ သူနဲ့အတူ မြောင်းထဲကျတဲ့ သူငယ်ချင်းက ဘာမှ မဖြစ်ဘဲ အိမ်ပြန်သွားပြီးမှ ဆေးရုံပို့တဲ့အထဲလည်း သူ့ သူငယ်ချင်းဖြစ်သူ မပါသလို အိမ်လည်းပြန်မရောက်လို့ ရေမြောင်းထဲ ပြန်လာရှာရာက သေဆုံးနေတာကို တွေ့ရှ်ိတာလို့လည်း မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ မိုးမာန် ဖောင်ဒေးရှင်းမှ ကိုမိုးမာန်က ဆိုပါတယ် ။
“ကျွန်တော်တို့က အဲဒီနား လက်ဖက်ရည်ဆိုင်မှာရှိနေတုန်း ရေမြောင်းထဲက အလောင်းပေါ်တယ်ဆိုတော့ ရေနစ်သေတယ်မှတ်လို့ ကူဆယ်ပေးသွားတာပါ။ နေ့လယ်က ယာဉ်တိုက်မှု နောက်ဆက်တွဲ ဖြစ်နေတာ၊ ကောင်လေးက ၂၀ ဝန်းကျင်ပဲ ရှိဦးမယ်။ ခေါင်းမှာ သသုံးလက်မလောက် ကွဲတဲ့ဒဏ်ရာက လွဲရင် တခြားဒဏ်ရာမရထားဘူး။ ယာဉ်တိုက်မှုဖြစ်ချိန် ခေါင်းထိပြီး ရေထဲပြုတ်ကျရာက သတိလစ်နေလို့ ရေနစ်သေဆုံးတယ် ယူဆရပါတယ်” လို့ ကိုမိုးမာန်က ဆက်လက်ပြောပြပါတယ်။
အဆိုပါယာဉ်တိုက်မှုကို ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း လူနာတင်ယာဉ် နှစ်စီး၊ မြို့ဦးလုလင် လူမှုကူညီရေး လူနာတင်ယာဉ် တစ်စီး၊ မြောက်ဒဂုံ ကြက်ခြေနီ လူနာတင်ယာဉ် တစ်စီးတို့ သွားရောက်ကူညီခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို မြောက်ဥက္ကလာဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။