
၉.၅.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပတဲ့ အနှစ် ၈၀ မြောက် မျိုးချစ်တို့ရဲ့အောင်ပွဲနေ့ စစ်ချီတက်ပွဲ အခမ်းအနားမတိုင်ခင်မှာပဲ ဒီနေ့ မေလ ၉ ရက်က ရုရှားနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့အကြား ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာမှာ နှစ်နိုင်ငံခေါင်းဆောင်တို့က သူတို့နှစ်နိုင်ငံရဲ့ မိတ်ဖက်ဆက်ဆံရေးက လုံးဝအကန့်အသတ်မရှိဘဲ ပိုမိုနက်ရှိုင်းခိုင်မာအောင် ပြုလုပ်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။
ပူးတွဲကြေညာချက်မှာ ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့က တချို့နိုင်ငံတွေဟာ ဒုတိယ ကမ္ဘာစစ်ပွဲရဲ့ ရလဒ်တွေကို လက်ဝါးကြီးအုပ်ဖို့ကြိုးစားနေတယ်လို့လည်း စွပ်စွဲပြောကြားခဲ့ကြပါတယ်။ ခေါင်းဆောင်နှစ်ဦးစလုံးက ဒုတိယကမ္ဘာစစ်သမိုင်းကြောင်းကို မှန်ကန်စွာရှုမြင်သုံးသပ်ဖို့ခံယူထာခြင်းရဲ့ အရေးကြီးမှုကို အလေးအနက်ထားပြောခဲ့ကြပါတယ်။
အနှစ် ၈၀ မြောက် မျိုးချစ်တို့ရဲ့အောင်ပွဲနေ့ စစ်ချီတက်ပွဲ အခမ်းအနားတက်ရောက်ဖို့ တရုတ်သမ္မတ ရှီကရုရှားနိုင်ငံ၊ မော်စကိုမြို့ကို လာရောက်လည်ပတ်နေတာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်က ၂၀၁၃ ခုနှစ်မှာ ရှီ အနေနဲ့သမ္မတတာဝန်စတင်ထမ်းဆောင်ကတည်းက ရုရှားသို့ လာရောက်လည်ပတ်ခဲ့မှု ၁၁ ကြိမ်ရှိပြီ ဖြစ်ပါတယ်။

မေလ ၈ ရက်မှာတော့ ပူတင်နဲ့ ရှီ တို့ဟာ လေးနာရီနီးပါးကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တစ်ဦးကို တစ်ဦး အနီးကပ်ဆုံးမိတ်ဆွေတွေအဖြစ်အသိအမှတ်ပြုခဲ့ကြပါတယ်။ ပူတင်က ဒုတိယကမ္ဘာစစ်ပွဲကာလမှာ ဂျပန်တွေကို နှိမ်နင်းနိုင်ခဲ့တဲ့ အထိမ်းအမှတ်ပွဲကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို ဆောင်းဦးကာလမှာ သွားရောက်ဖို့စီစဉ်ထားတယ်လို့ပြောခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ ပူးတွဲကြေညာချက်က အရင်ကြေညာချက်တွေထက် အမေရိကန်အစိုးရကိုတိုက်ရိုက် ရှုတ်ချမှု ပြုထားတယ်လို့လည်း သုံးသပ်ကြပါတယ်။
ကြေညာချက်မှာ အမေရိကန်နဲ့ မဟာမိတ်တွေဟာ နေတိုးရဲ့အင်အားကို အရှေ့ဘက် အာရှ-ပစိဖိတ် ဒေသအတွင်း တိုးချဲ့ဖို့ကြိုးစားရင်း ဒေသအတွင်း သူတို့လွှမ်းမိုးတဲ့ ရပ်ဝန်း၊ အသိုင်းအဝိုင်းငယ်တွေ တည် ဆောက်ဖို့၊ သူတို့ရဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာကို မြှင့်တင်နိုင်ဖို့ ဒေသတွင်းနိုင်ငံတွေကို အနိုင်ယူနိုင်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းမှုနဲ့ကြွယ်ဝချမ်းသာမှုတို့ ပျက်ပြားရေးအတွက်ဆောင်ရွက်သွားဖို့တို့ကိုလုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါသေးတယ်။
ဥရောပတိုက်မှာ နေတိုးအင်အားချဲ့ထွင်လာမှုက သူ့နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်ပဲဆိုတဲ့ ရုရှားနိုင်ငံရဲ့ ပြောကြားချက်ကို တရုတ်နိုင်ငံကလည်း ကာလကြာမြင့်စွာကတည်းက ကိုယ်ချင်းစာလာခဲ့တာလို့ ဆိုရမှာပါ။
ဒါ့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ရှောင်လွှဲပြီး စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ အပါအဝင် တစ်ဖက်သတ် အကျပ်ကိုင် အရေးယူမှုတွေက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ တခြား နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေတဲ့အပြင် နိုင်ငံတကာ လုံခြုံရေး အကျိုးစီးပွားတွေကို ထိခိုက်စေတယ် လို့ လည်း ပူးတွဲကြေညာချက်က ဖော်ပြခဲ့ပါတယ်။
ဇန်နဝါရီလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အာဏာရလာကတည်းက ကမ္ဘာ့ဈေးကွက်တွေကို မတည်မငြိမ်ဖြစ်စေခဲ့တဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲကို ပြင်းထန်စွာ တိုက်ခိုက်နေရပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ဟာ အခုသီတင်းပတ်ကုန်မှာ စည်းကြပ်ခွန်များ တိုးမြင့်လာမှုအပေါ် ပဏာမ ဆွေးနွေးပွဲတွေလုပ်ဖို့ စီစဉ်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားဟာလည်း ယူကရိန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အမေရိကန်ရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။ အခုသီတင်းပတ်အတွင်း တရုတ်နှင့် ရုရှားခေါင်းဆောင်တို့ရဲ့ ဆွေးနွေးပွဲမှာ သူတို့နှစ်ဦးဟာ အမေရိကန်ရဲ့ ဗိုလ်ကျကြီးစိုးမှုကို ဆန့်ကျင်တဲ့ အကာအကွယ်တံတိုင်းအဖြစ်သူတို့နှစ်ဦးကြား အနီးကပ်ဆက်ဆံ ရေးကို အလေးပေးခဲ့ကြပါတယ်။
ယခုသီတင်းပတ် အစောပိုင်းမှာ ရှီက ဒုတိယကမ္ဘာစစ်ဟာ တိုင်ဝမ်ရဲ့ “လွတ်မြောက်ရေး” ကို ကိုယ်စားပြုပြီး “တိုင်ဝမ်၏ တရုတ်ပြည်သို့ ပြန်လာခြင်း” ဟု အမှတ်အသားပြုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက တိုင်ဝမ်ကို ၎င်း၏ ပိုင်နက်အစိတ်အပိုင်းအဖြစ် အခိုင်အမာဆိုသော်လည်း ကျွန်းကို မည်သည့်အခါမျှ မအုပ်ချုပ်ခဲ့ပါဘူး။ တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ်များကို ရှုံးနိမ့်ပြီးနောက် ၁၉၄၉ ခုနှစ်တွင် တရုတ်ကူမင်တန်တပ်ဖွဲ့တွေဟာ တိုင်ဝမ်ကို ထွက်ပြေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံက လိုအပ်ပါက ကျွန်းကို အင်အားသုံး သိမ်းပိုက်မယ်လို့ ကတိပြုထားပြီး ရှီက ၎င်း၏အမွေဆက်ခံမှု၏ အရေးပါသော အစိတ်အပိုင်းအဖြစ် “ထိုင်ဝမ်ပြဿနာ” ကို ဖြေရှင်းရန် ရှုမြင်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကွယ်ဖို့နဲ့ အမျိုးသားပြန်လည်ပေါင်းစည်းရေးရရှိဖို့ ရုရှားနိုင်ငံမှ ဆောင်ရွက်ချက်တွေကို အခိုင်အမာ ထောက်ခံတယ်လို့ ရှီ-ပူတင် ရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
တရုတ်နှင့် ရုရှားတို့သည် ပုံမှန်စစ်ရေးမဟာမိတ်များ မတည်ရှိကြပေမယ့် နှစ်နိုင်ငံကြား လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေမှာ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ တရုတ် နဲ့ ရုရှားတို့ဟာ ၂၀၂၄ ခုနှစ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ၁၄ ခု ပြုလုပ်ခဲ့ကြပါတယ်။
မော်စကိုမြို့မှာ ပြုလုပ်တဲ့ မျိုးချစ်အောင်ပွဲနေ့ စစ်ရေးပြချီတက်ပွဲမှာ တရုတ်ဂုဏ်ပြုတပ်ဖွဲ့ တစ်ဖွဲ့ လည်း ၂၀၁၅ ခုနှစ်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့ပါတယ်။
Ref-The Guardian
