၉. ၅. ၂၀၂၅
Written by Nyein Kyaw
ရန်ပုံငွေ ပယ်ဖျက်ရုပ်သိမ်းခံရမှုကြောင့် RFA (လွတ်လပ်တဲ့အာရှအသံ) မြန်မာပိုင်းအစီအစဉ်ကို လုံးဝ ရပ်နားလိုက်ပြီဖြစ်ကြောင်း RFA မြန်မာပိုင်းအစီအစဉ်ဌာနမှူး ဦးကျော်ကျော်အောင်က ယနေ့တွင် တရားဝင် ထုတ်ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ RFA မြန်မာပိုင်းအစီအစဉ် လုံးဝ ရပ်နားရပါတော့မယ်။ ပရိတ်သတ်များအားလုံးကို ဝမ်းနည်းစွာနဲ့ပဲ နှုတ်ဆက်စကား ဆိုရပါတော့မယ်” ဟု ဦးကျော်ကျော်အောင်က ပြောသည်။
RFA ကို အားပေးသည့် မြန်မာပြည်သူပရိသတ်များကြောင့် RFA မြန်မာပိုင်းအစီအစဉ် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ ကူညီမှုကြောင့် ပြည်သူများ၏အကြောင်းကို RFA မှ တင်ပြခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းထုတ်လွှင့်ခဲ့သည့် ကာလတစ်လျှောက် မည်သည့်အန္တရာယ်ပဲရှိရှိ အမှန်တရားကို တင်ပြခဲ့သည်ဟုလည်း ယင်းက ဆိုသည်။
“အခုတော့ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ ရန်ပုံငွေ ပယ်ဖျက်ရုပ်သိမ်းခံရမှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ကျွန်တော်တို့ RFA အနေနဲ့ အသံတွေ တိတ်ဆိတ်ငြိမ်သက်သွားပေမဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်မှုက ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကျွန်တော်တို့ တန်ဖိုးထားရတဲ့ RFA ပရိတ်သတ်တစ်ဦးချင်းစီရဲ့ ရှေ့မှောက်ကို RFA ပြန်လည်ရောက်ရှိလာဖို့ ယုံကြည်မျှော်လင့်ထားပါတယ် ခင်ဗျာ” ဟု ဦးကျော်ကျော်အောင်က ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တာဝန်ယူချိန်တွင် ဒေါ်လာတစ်ဘီလျံခန့် နှစ်စဥ်ဖြုန်းတီးဝါဒဖြန့်သည့် အမေရိကန်အစိုးရဟောင်း အစဥ်အဆက် ဩဇာခံ VOA နှင့် RFA အပါအဝင် မီဒီယာများ၏ အသုံးစရိတ်လည်ပတ်မှုကို ဖြတ်တောက်လိုက်ပြီးနောက် VOA က ချက်ချင်း ရပ်နားခဲ့သလို RFA သတင်းဌာနတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများနှင့် စာချုပ်ဝန်ထမ်းများကို မတ်လ ၁၅ ရက်ကတည်းက အနားပေးလိုက်ရခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် တာဝန်ယူပြီးနောက် ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USGAM) ရပ်ဆိုင်းလိုက်ခြင်းကြောင့် RFA အနေဖြင့် ယခုနှစ်အတွက်ရရှိမည့် ရန်ပုံငွေအသုံးစရိတ် ၇၁ သန်း ဖြတ်တောက်ခံခဲ့ရပြီး ယင်းကဲ့သို့ ရန်ပုံငွေများ စတင်ရပ်နားခံရချိန်တွင် RFA အနေဖြင့် ၎င်းတို့၏ သတင်းတင်ဆက်မှုအချို့ကို ဆက်လက်တင်ဆက်သွားမည်ဖြစ်ကြောင်း အသိပေးထားသော်လည်း ယနေ့တွင် လုံးဝ ရပ်နားတော့မည်ဟု တရားဝင် အသိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် သမ္မတသစ်ထရမ့်ပ်၏ DOGE အကြီးအကဲ ဘီလျံနာ အီလွန်မတ်ခ်က အမေရိကန်အစိုးရ ငွေကြေးထောက်ပံ့ထားသည့် သတင်းဌာနများဖြစ်သည့် Radio Free Europe နှင့် Voice of America (VOA) တို့ကို ပိတ်ပစ်ရန် တောင်းဆိုခဲ့အပြီး သက်ရောက်မှုလည်း ဖြစ်ကာ အဆိုပါဖြတ်တောက်မှုကြောင့် အမေရိကန်အစိုးရအခွန်များမှ နှစ်စဥ် ဒေါ်လာ တစ်ဘီလျံခန့် ပြုန်းတီးနေမှု သက်သာစေခဲ့သည်။


