၉. ၅. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ ဆူခွမ်ဗစ်ဒေသတွင် ထိုင်းနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားသံအမတ်ကြီး၏ ဇနီးဖြစ်သူ အဆောက် အအုံတစ်ခုပေါ်မှ ပြုတ်ကျသေဆုံးခဲ့မှု ယနေ့သောကြာနေ့ နံနက် ၁ နာရီ ၉ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံတွင်းသတင်းများက ဖော်ပြမှုအရ သိရှိရသည်။
သွန်းလော့ရဲစခန်းမှ စုံစမ်းရေးအရာရှိ ရဲမှူး ဒုတိယဗိုလ်မှူးကြီး စီရီပေါင်လာဖနစ်သည် ဗန်ကောက်မြို့၊ ကလောင်းတန်ခရိုက်ခွဲ၊ ကလောင်းတိုင်ခရိုင်၊ ဆွိုင်ဆူခွမ်ဗစ် ၂၄၊ အမှတ် ၅၅ တွင်ရှိသော အဆောက်အအုံတစ်ခု၏ ၁၇ လွှာ၊ အခန်းနံပါတ် ၁၇၀၁ မှ အမျိုးသမီးတစ်ဦး ပြုတ်ကျကြောင်း အကြောင်းကြားစာကို သန်းခေါင်ကျော်စအချိန်တွင် လက်ခံရရှိခဲ့သည်။
တာဝန်ရှိသူများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာစဉ် ပြုတ်ကျသူ အသက် ၄၁ နှစ်အရွယ် မစ္စစ်အော်ခွန် လခမ်ဆူရန် (Mrs. Orkhon Lkhamsuren) ကို ကွန်ဒိုမီနီယံ၏ မြေညီထပ်တွင် တွေ့ရှိခဲ့သည်။ ဆမ်မီတဝေဂျ်ဆေးရုံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ရှင်သန်နိုင်ရေး ကူညီပေးခဲ့သော်လည်း အရာမရောက်ခဲ့ပေ။
အခင်းဖြစ်ပွားမှုကို ပထမဆုံးတွေ့မြင်ပြီး ရဲကို အကြောင်းကြားခဲ့သည့် လုံခြုံရေးဝန်ထမ်းများနှင့် ကွန်ဒိုဝန်ထမ်းများက နံနက် ၁ နာရီမတိုင်မီ အချိန်တိုလေးအတွင်း ဖြစ်ပွားခဲ့ကြောင်း သတင်းပို့ခဲ့သလို မျက်မြင်သက်သေများကို စစ်ဆေးမေးမြန်းရာတွင် ၄ လွှာမှ ဆူညံသောအသံတချို့ ကြားရကြောင်း ထွက်ဆိုခဲ့သည်။
ကနဦး စုံစမ်းစစ်ဆေးမှုများအရ ကွန်ဒိုမီနီယံ၏ မြေညီထပ်တွင် ကွယ်လွန်သူ၏ ခင်ပွန်းဖြစ်သူ ထိုင်းနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားသံအမတ်ကြီး မစ္စတာ တူမာ အာမာစာနား (Mr .Tumur Amarsanaa) က အကူအညီတောင်းခံနေပြီး ဇနီးသည်၏ ရုပ်အလောင်းကို သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့သည်။
လက်ရှိအချိန်တွင် ထိုင်းရဲတပ်ဖွဲ့က ထိုင်းနိုင်ငံဆိုင်ရာ မွန်ဂိုးလီးယားသံအမတ်ကြီးကတော် သေဆုံးမှူအပေါ် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေသည်။
Ref, Khaosod


