၉. ၅. ၂၀၂၅
Teanslated by Thettant
သီရိလင်္ကာလေတပ်မှ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ယနေ့နံနက်ပိုင်းက လေ့ကျင့်ရေးပြုလုပ်နေစဉ် သီရိလင်္ကာလေတပ်၏ အမှတ် (၇) တပ်ဖွဲ့မှ အသုံးပြုသော ဘဲလ် ၂၁၂ (Bell 212) ရဟတ်ယာဉ်သည် မဒူရူအိုယာရေလှောင်တမံအတွင်းသို့ ပျက်ကျခဲ့ရာက လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၆ ဦး သေဆုံးခဲ့သည်။
အဆိုပါဖြစ်ရပ်သည် သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းရှိ မဒူရူအိုယာ အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကျောင်း၌ ပြုလုပ်သော သင်တန်းဆင်းပွဲနှင့် ပူးတွဲကျင်းပသည့် လေ့ကျင့်ရေးလုပ်ငန်းစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကနဦး ရရှိထားသော သတင်းများအရ သီရိလင်္ကာလေတပ်မှ လေယာဉ်မှူး ၂ ဦးနှင့် သီရိလင်္ကာလေတပ်နှင့် စစ်တပ် အထူးတပ်ဖွဲ့ဝင်များအပါအဝင် လူ ၁၂ ဦး ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါခဲ့သည်။
ရဟတ်ယာဉ်ပျက်ကျအပြီးနောက် ရဟတ်ယာဉ်ပေါ်ပါ လူအားလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး ပိုလွန်နာရူဝါဆေးရုံသို့ တင်ပို့နိုင်ခဲ့သော်လည်း ဒဏ်ရာရသူအားလုံးအနက် ၆ ဦး သေဆုံးသွားကြောင်း သီရိလင်္ကာလေတပ်က ပြောကြားခဲ့သည်။
သေဆုံးသူများတွင် သီရိလင်္ကာလေတပ်မှ သေနတ်ကိုင် ၂ ဦးနှင့် အထူးတပ်ဖွဲ့ဝင် ၄ ဦး ပါဝင်ခဲ့သည်။ ဖြစ်စဉ်တွင် ရဟတ်ယာဉ်ကို မြစ်အတွင်းမှ ဆယ်တင်နေဆဲဖြစ်သဖြင့် မည်သည့်ဖြစ်ရပ်ကြောင့် ပျက်ကျသည်ဆိုသည်ကို မသိနိုင်သေးသော်လည်း သီရိလင်္ကာလေတပ်၏ တပ်မှူးက စစ်ဘက်ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ၉ ဦးပါ ကော်မတီတစ်ခုကို ယနေ့တွင်ပင် ဖွဲ့စည်းခဲ့သည်။
Ref , Daily Mirror Online


