◾ ၄၈ နာရီနိးပါးကြာချိန်တွင် စစ်ပွဲ၏တိုက်ခိုက်မှုအရှိန်အဟုန်မြင့်တက်လာနေ
၉.၅.၂၀၂၅
Translated by Htwe Ko Tun
မေလ ၇ ရက် နံနက်အစောပိုင်းက စတင်ခဲ့တဲ့ တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြားစစ်ပွဲဟာ ဆက်လက်အရှိန်မြင့်လာတာနဲ့အမျှ ဒုတိယနေ့ဖြစ်တဲ့ မေလ ၈ ရက်မှာလည်း ပါကစ္စတန်လေတပ်က အိန္ဒိယနိုင်ငံအတွင်း ဒုံးကျည်နဲ့မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာပါတယ်။ အိန္ဒိယနိုင်ငံ သတင်းအရင်းအမြစ်တွေက အိန္ဒိယအနေနဲ့ ပါကစ္စတန်ရဲ့တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ပါကစ္စတန်ရဲ့ F-16 လေယာဉ်တစ်စီးနဲ့ JF-17 လေယာဉ်နှစ်စီးကို ဂျမ်မူးမြို့မှာ မေလ ၈ ရက်ညပိုင်းက ပစ်ချခဲ့တယ်လို့ပြောခဲ့ကြပါတယ်။
စစ်ပွဲဒုတိယနေ့မှာ ပါကစ္စတန်က အိန္ဒိယပိုင် ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်နဲ့ ပန်ဂျပ်ပြည်နယ်တို့မှာ တိုက်ခိုက်မှုများစွာပြုလုပ်လာကာ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတွေကိုလည်း ယူဒမ်ပူရ်မြို့၊ ဂျေဆန်ဝါမြို့၊ ဂျမ်မူးမြို့နဲ့ အက်နူးမြို့တို့မှာပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျမ်မူးမြို့မှာဆိုရင် အိန္ဒိယနိုင်ငံရဲ့ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည် ရှစ်စီး ပစ်လွှတ်ဟန့်တားခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အိန္ဒိယက ပန်ဂျပ်ပြည်နယ်အတွင်း အေဝက်စ်လို့ခေါ်ကြတဲ့ လေကြောင်းကြိုတင်သတိပေးရေးနှင့် ထိန်းချုပ်ရေးစနစ်တပ်ဆင်ထားတဲ့လေယာဉ်ကို ပစ်ချခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်အတွင်း ယူဒမ်ပူရ်မြို့နဲ့ ရာဂျစတန်ပြည်နယ်အတွင်း ဂျေဆာလ်မားမြို့တွေမှာ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတွေကို ဟန့်တားခဲ့ရပြီး အက်နူးမြို့မှာ မောင်းသူမဲ့လေယာဉ်တစ်စီးနဲ့ ပွန့်ရှ်မြို့မှာလည်း ကာမိကာဇေ မောင်းသူမဲ့လေယာဉ်နှစ်စီးကို ပစ်ချခဲ့တယ်လို့ အိန္ဒိယသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်းနဲ့ ပါကစ္စတန် သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယားပြည်နယ်ရှိ အကြမ်းဖက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဆင်ဒူးစစ်ဆင်ရေးကို အိန္ဒိယက မေလ ၇ ရက် နံနက်အစောပိုင်းမှာ စတင်ခဲ့ပြီး ၄၈ နာရီနီးပါးကြာလာချိန်မှာ ပါကစ္စတန်ဘက်ကလည်း စစ်ပွဲအရှိန်ကို ခုလိုမြှင့်တင်ခဲ့တာကြောင့် နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်လာနေပါတယ်။
Ref-India Today

