၉.၅.၂၀၂၅
Written By Thandar
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သား၊ သမီးတွေကို ပညာငွေထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေကို အယောက် ၂၀၀ အတွက် ပေးအပ်သွားမယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သား၊သမီးတွေအတွက် နှစ်စဉ်လှူဒါန်းထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ဒီ ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ်အတွက်လည်း ထပ်မံလှူဒါန်းဖို့ရှိပါတယ်။ လျှောက်လွှာတွေလည်း ခေါ်ယူထားပါတယ်။ ကိုယ့်လောကသား သားသမီးတွေအတွက် အထောက်အပံ့တွေ ပိုဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဒီကျောင်းသား၊ ကျောင်းသူ အယောက် ၂၀၀ အတွက် ပေးအပ်သွားမှာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။
လက်ရှိ လျှောက်ထားလိုသူတွေအနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လျှောက်လွှာပုံစံ ဖြည့်စွက်ပြီးတော့ သန်းခေါင် စာရင်း(မိတ္တူ)၊ အစည်းအရုံးဝင်ကတ်(မိတ္တူ) ၊ ကျောင်းထောက်ခံချက်(မူရင်း)@ ကျောင်းအပ်နှံထားတဲ့ပြေစာ (မိတ္တူ)တို့ကို ဇွန်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နှစ်စဥ် ကျောင်းဖွင့်ချိန်တိုင်းမှာ ရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်လောကသားတွေရဲ့ သား၊ သမီးတွေကို ပညာငွေထောက်ပံ့ကြေးတွေထောက်ပံ့လျက်ရှိတာလည်းဖြစ်ပါတယ်။
