၉.၅.၂၀၂၅
Written by Thiri
ပင်လယ်ပြင်မှာ အနောက်တောင်မုတ်လေမဝင်ခင် ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေ ပြန်သိမ်းသင့်ပြီလို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးပါတယ်။
အနောက်တောင်မုတ်သုံလေက မလေးရှားကျွန်းဆွယ်နဲ့ ထိုင်းတောင်ပိုင်း၊ မြန်မာနိုင်ငံတောင်ပိုင်းတွေကို မေလ ၁၄-၁၅ ရက်လောက်က စတင်ဝင်နိုင်မယ်လို့ ခန့်မှန်းထားပြီး မေလ ၁၁ ရက်မှ စတင်ကာ လေ/မိုးတွေများလာနိုင်ပြီး မေလ ၁၉ ရက်နေ့မှာတော့ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ မိုင် ၂ဝ မှ ၂၈ မိုင်အထိ ရှိနိုင်ကြောင်းလည်း မိုးလေဝသခန့်မှန်းချက် Modelတွေရဲ့ ထုတ်ပြန်ချက်တချို့ကို ဦးဝင်းနိုင်က ကိုးကားအသိပေးထားတာပါ။
“ကမ်းဝေးငါးဖမ်းသင်္ဘောတွေက ဝင်ကုန်လောက်ပြီ။ ကမ်းနီးတွေကြ ကျားဖောင် အထိုင်နေရာတွေက ပြန်ဝင်ကြရမှာ။ ကမ်းခြေကို ပြန်ဆွဲသွင်းဖို့ တစ်ရက်ခွဲလောက် အချိန်ယူရတယ်လို့ သိရပါတယ်။ ပင်လယ်မှာ လှိုင်းတွေ သိပ်မထန်ခင် လေပြင်းတွေမတိုက်ခင်နဲ့ အနောက်တောင်မုတ်သုံလေ အားကောင်းမလာခင် ပြန်ဝင်သင့်ပါတယ်ဗျ”လို့ သူက ပြောပါတယ်။
ကျားဖောင်သမားတွေက လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ နီးပါးနဲ့ လှိုင်းအမြင့် ၁၀ ပေလောက်အထိကို သူတို့ဖောင်တွေက ခံနိုင်ရည်ရှိကြတယ်လို့ သိရပါတယ်။ ကမ်းခြေကိုပြန်ဆွဲသွင်းတဲ့အခါ လှိုင်းလေကြမ်းရင်အန္တရာယ်ရှိနိုင်ပြီး နွေရာသီမှာ ဖမ်းယူစုဆောင်း အခြောက်လှမ်းထားတဲ့ ကုန်တွေလည်း မိုးများမလာခင် ကမ်းကို အချိန်မီ ပြန်ရောက်မှ ဆုံးရှုံးမှု နည်းနိုင်မှာလည်းဖြစ်ပါတယ်။
မေလ ၁၇ ရက်နေ့နဲ့ ၁၇ ရက်နေ့ နောက်ပိုင်းမှာတွေ့ရှိရတဲ့ ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်တောင်လေစီးကြောင်း လေတိုက်နှုန်းမြင့်နေပြီး ကမ်းရိုးတန်းမြေပြင်အနေအထားတွေအရ ဖြစ်ပေါ်လာတဲ့ လေပွေလှိုင်းတွေဟာ မေလ ၁၈ ရက် ညနေပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်တဲ့အခြေအနေရှိနေကြောင်း၊ WINDY – ECMWF Model ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ့လို လေဖိအားနည်းရပ်ဝန်းဖြစ်လာရင် မြောက်ဘက်ကိုရွေ့လျားနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်တွေလည်း ဆက်လက်ရှိနေပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းပင်လယ်ပြင်၊ ရခိုင်ကမ်းရိုးတန်းအနီးမှာ မေလ ၁၉ ရက်နေ့ ညပိုင်းအထိ ဆက်လက်တည်ရှိဗဟိုပြုနေနိုင်တာကြောင့် မေလ ၁၇ ရက်မှ မေလ ၁၉ ရက် ၃ ရက်အတွင်း ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းရဲ့ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းများကျရောက်နိုင်ကြောင်းလည်း မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပါတယ်။

