




၉ . ၅. ၂၀၂၅
Translated by Thettant
ပုပ်ရဟန်းမင်းကြီးဖရန်စစ် လွန်ခြင်းစျာပနာပြီးမြောက်ပြီးနောက် ကက်သလစ်ခရစ်ယာန် ၁ ဒသမ ၄ ဘီလျံတို့၏ အကြီးအကဲသစ် ၂၆၇ ပါးမြောက်အဖြစ် အမေရိကန်နိုင်ငံသားဖြစ်သော ဘုန်းတော်ကြီး ရောဘတ်ဖရန်စစ် ပရီဗို့စ်အား ပုပ်ရဟန်းမင်းကြီးအသစ်အဖြစ် ရွေးချယ်ခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ဘုန်းတော်ကြီး ရောဘတ်ဖရန်စစ် ပရီဗို့စ်အား ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခြင်းကို ချီးကျူးခဲ့ပြီး ကက်သလစ်ချာ့ချ်၏ ဦးဆောင်သူအဖြစ် ရွေးချယ်ခံရသည့် ပထမဆုံး အမေရိကန်နိုင်ငံသားဖြစ်သောကြောင့် ၎င်းနှင့် တွေ့ဆုံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
“သူဟာ ပထမဆုံး အမေရိကန် ပုပ်ရဟန်းမင်းကြီးဖြစ်တယ်ဆိုတာ သိရတာဟာ အလွန်ဂုဏ်ယူစရာပါ။ ဘယ်လောက်စိတ်လှုပ်ရှားဖို့ကောင်းပြီး ကျွန်တော်တို့နိုင်ငံအတွက် ဘယ်လောက်ကြီးမားတဲ့ ဂုဏ်ယူမှုလဲ” ဟု ထရမ့်ပ်က ကြာသပတေးနေ့တွင် လူမှုမီဒီယာပို့စ်တစ်ခု၌ ပြောကြားခဲ့သလို “ပုပ်ရဟန်းမင်းကြီး လီယို(၁၄) နဲ့ တွေ့ဆုံဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါဟာ အလွန်အဓိပ္ပါယ်ရှိတဲ့ အခိုက်အတန့်တစ်ခု ဖြစ်လာပါလိမ့်မယ်”ဟုလည်း ဆက်လက် ဖော်ပြခဲ့သည်။
Leo XIV (လီယို -၁၄ ) ဟု ဘွဲ့တော်အမည်ခံယူခဲ့သည့် ပရီဗို့စ်အပေါ် ဗာတီကန်စောင့်ကြည့်သူများက ထရမ့်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိနိုင်သူအဖြစ် ရှုမြင်ကြသော်လည်း ရွှေ့ပြောင်းသွားလာမှုနှင့်ပတ်သက်၍ သမ္မတနှင့် အငြင်းပွားနိုင်သည်ဟုလည်း ရှုမြင်ကြသည်။ အသက် (၆၉) နှစ်အရွယ်ရှိ ပရီဗို့စ်သည် ချီကာဂိုတွင် မွေးဖွားခဲ့သော်လည်း ၎င်း၏ဘဝ၏ အများစုကို အမေရိကန်ပြင်ပ အများအားဖြင့် ပီရူးနှင့် ရောမမြို့တို့တွင် ကုန်ဆုံးခဲ့သည်။
သူသည် ဗာတီကန်တွင် ဒုတိယမြောက် မဲပေးသည့်နေ့၌ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီလတွင် ကွယ်လွန်ခဲ့ပြီးနောက် ဆက်ခံမည့်သူကို ရှာဖွေရန် ရည်ရွယ်သည့် မဲပေးသည့်လုပ်ငန်းစဉ်ကို စတင်ရန်အတွက် ကတ်ဒီနယ် (၁၃၃) ဦးကို ချာပယ်အတွင်း ပိတ်လှောင်ထားသည့် ကွန်ကလေ့ဗ်ဟုခေါ်သော တံခါးပိတ်ရွေးကောက်ပွဲကို ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့သည်။ လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ကတ်ဒီနယ်များသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မရှိဘဲ သဘောတူညီချက်ရရှိသည်အထိ ထွက်ခွာခွင့်မရှိဟုလည်း သိရသည်။

ပုပ်ရဟန်းမင်းကြီးဖြစ်လိုကြောင်း ရယ်မောပြောဆိုခဲ့သည့် ထရမ့်သည် နယူးယောက်မြို့မှ ဂိုဏ်းချုပ်ဆရာတော် တီမိုသီဒိုလန် (Timothy Dolan) ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခဲ့သည်။ ထရမ့်သည် ပုပ်ရဟန်းမင်းကြီးအဖြစ် ၀တ်ဆင်ထားသည့် AI ပုံတစ်ပုံကို တင်ပြီးနောက် ဒိုလန်အပါအဝင် ကက်သလစ်ဘာသာဝင်များ၏ ဝေဖန်မှုများကို ခံခဲ့ရသည်။
ပုပ်ရဟန်းမင်းကြီးအသစ်သည် ကွာရှင်းပြတ်စဲခြင်းမှသည် LGBTQ+ ကိစ္စများအထိ အကြောင်းအရာများနှင့်ပတ်သက်၍ တိုးတက်လက်ခံသော အဖွဲ့များနှင့် အယူအဆတင်းမာသော အဖွဲ့များကြား အတွင်းရေးပဋိပက္ခများအပြင် ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းရှိ စစ်ပွဲများ၊ ရွှေ့ပြောင်းသွားလာမှုနှင့် ကုန်သွယ်ရေး အငြင်းပွားမှုများကဲ့သို့သော ပြင်ပအချက်အလက်များကို ရင်ဆိုင်နေရသော ချာ့ချ်ကို ဆက်ခံရမည်ဖြစ်ပြီး ၎င်းသည် ဖြေရှင်းရန်လိုအပ်သည့် စိန်ခေါ်မှုများဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးအသစ်ဖြစ်သော လီယို(၁၄) သည် ဗီလာနိုဗာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ရောမမြို့ရှိ ပွန်တီဖီကယ် စိန့်သောမတ်အကွိုင်းနပ်စ်တက္ကသိုလ်မှ ဘာသာရေးဥပဒေဆိုင်ရာ ပါရဂူဘွဲ့ကိုလည်း ရရှိခဲ့ကာ စပိန်နှင့် အီတလီဘာသာစကားများကိုလည်း ပြောဆိုနိုင်သည်။
Ref. Bloomberg
