
၈.၅.၂၀၂၅
Written By Zun
သံတိုသံ ဝယ်ယူသူများအား ဖမ်းဆီး၍ ခိုးမှုဖြင့် လှည်းကူးရဲစခန်းက တရားစွဲဆိုထားသည့်ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ကာယံရှင်မိသားစုက ပြည်ထဲရေးဝန်ကြီးဌာနသို့ တောင်းဆိုတိုင်ကြားထားကြောင်း သိရသည်။
သံတိုသံဝယ်ယူသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ငါးပိ/ငါခြောက် ၊ ဇုံ (၁) (၃) လမ်း၊ ဗန္ဓုလလမ်းသွယ်၊ အမှတ်-၄၃၈ နေ ကိုလေးမောင်နှင့် ကိုဇော်မျိုးလင်းတို့ ဖြစ်ပြီး ၎င်းတို့က ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းက ဂိုဒေါင်တစ်လုံးသို့ သွားရောက်၍ ရောင်းချသူများထံမှ ဝယ်ယူ ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
“ကိုလေးမောင်က သံတိုသံစအရောင်းအဝယ်လုပ်တယ်။ ဇော်မျိုးလင်းကလည်း လုပ်တယ်။ ဇော်မျိုးလင်းကို လူတစ်ယောက်က ပစ္စည်းတွေ ရောင်းဖို့ရှိတယ်လို့ ပြောတဲ့အတွက် သွားဝယ်ကြတာ။ ကားနဲ့။ သူတို့ဖွင့်ထားတဲ့ ဒိုင်က ငါးခြောက်တန်းမှာ။ သူတို့ ပစ္စည်းသွားဝယ်တာက လှည်းကူးမှာ။ ရောင်းတဲ့သူကလည်း ကားတစ်စီးနဲ့။ မင်းတို့ဝယ်ချင်တာဝယ်ဆိုပြီးတော့ ပြောတယ်။ ကိုလေးမောင်က ၁၇ သိန်းဖိုး၊ ကိုဇော်မျိုးလင်းက ၂၇ သိန်း ဖိုးဝယ်တယ်။ စုစုပေါင်း ၃၄ သိန်း ရောင်းသူကို ပေးလိုက်တယ်။ အဲဒီပစ္စည်းကို တောင်ဒဂုံ စက်မှုဇုန်မှာ ရောင်းတယ်။ ဖြစ်တာက ဧပြီလ ၂၈ ရက်မှာဖြစ်တာ။ အဲလိုနဲ့ မေလ ၂ ရက်နေ့က သူ့အစ်ကို ကို လာဖမ်းတယ်။ ကားသမားရော ဖမ်းတယ်။ ပစ္စည်း ခိုးပါတယ်ဆိုပြီး ဖမ်းတာ။ ဂိုဒေါင်မှာ ရှိတဲ့ နှစ်ယောက်က ရောင်းတာ။ ကြားမှာ ပွဲစားရှိတယ်။ ပွဲစာ ကိုလည်း ဖမ်းထားတယ်လို့ ပြောတယ်။ ရောင်းမှားဝယ်မှား ဖြစ်တဲ့ သဘောမျိုးကို သူခိုးပါလို့ စွပ်စွဲတယ်။ အဲဒီနေ့က အင်ဂျင်လေးတွေ ဝယ်ခဲ့တယ်။ သားမရှိရင် အဖေကို ဖမ်းမယ်ဆိုတော့ မဆိုင်တဲ့ မိဘတွေကို ခြိမ်းခြောက်သလို ဖြစ်တယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်ထဲရေးကို တိုင်ထားတယ်။ အခု ရဲက ဆိုင်မှာရှိတဲ့ ပစ္စည်းတွေကိုပါ သိမ်းမယ် ဆိုပြီး ဖြစ်နေတယ်။ အဲဒီဆိုင်မှာက သူတို့ လှည်းကူးက ဝယ်လာတဲ့ ပစ္စည်းမဟုတ်ဘူး၊ အရင်ကတည်းကရှိတဲ့ ပစ္စည်းတွေပါ အမှုနဲ့ဆိုင်တယ်ဆိုပြီး သိမ်းဖို့လုပ်နေတာ ” ဟု မိသားစုဝင်တစ်ဦးက MT News ကို ပြောသည်။
လက်ရှိတွင် လှည်းကူးမြို့မရဲစခန်းက (ပ) ၈၁/ ၂၀၂၅ ဖြင့် ဦးဇော်မျိုးလင်း၊ ဦးလွင်စိုးဦး၊ ဦးမောင် တို့ကို ရာဇ သတ်ကြီးပုဒ်မ-၃၈၀ ဖြင့် ထည့်သွင်းစွဲဆိုထားပြီး ယင်းတွင် ဦးဇော်မျိုးလင်းနှင့် ပစ္စည်းများတင်ဆောင်သည့် ယာဉ်ကို မောင်းနှင်သူ ဦးလွင်စိုးဦးတို့ကို ဖမ်းဆီးထားကြောင်း သိရသည်။
“ရောင်းမှားဝယ်မှား ဖြစ်တဲ့ကိစ္စမှာ အမှုကိုစစ်ဆေးဖို့အကြောင်းရှိပေမဲ့ ဝယ်သူကို အာမခံမရတဲ့ပုဒ်မကို တပ်ပြီးတော့ ဖမ်းတာက ဝယ်သူအတွက် နစ်နာတယ်။တကယ်တမ်းလုပ်သင့်တာက စတင်ရောင်းတဲ့သူကို ဖမ်းမိထားပြီး သူတို့က ဝယ်သူတွေ ဖြစ်တယ်လို့ စစ်ဆေး ပေါ်ပေါက်ပြီး ဖြစ်ပေမဲ့လည်း အခုလို သူခိုးဆိုပြီး စွပ်စွဲတာက စီးပွားရေးလုပ်သူတွေအတွက် အခက်အခဲ ဖြစ်စေတယ်။ အမှုကို ဆက်လက်စုံစမ်းစစ်ဆေးရမှာ ဖြစ်ပေမဲ့ ရောင်းမှားဝယ်မှား ဖြစ်တာကို ဝယ်သူကို အာမခံမရတဲ့ ပုဒ်မမျိုးတပ်တာ မဖြစ်သင့်ဘူး။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၈ မှာ ပိုင်ရှင်ရှိတဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို မရိုးဖြောင့်တဲ့ သဘောနဲ့ နေရာက ရွေ့စေမှသာ ခိုးမှုမြောက်တယ်။ ဒီဖြစ်စဉ်မှာက ရောင်းလို့ ဝယ်လိုက်တယ်။ ရောင်းတာက သူတို့ ပစ္စည်းတွေက များတော့ ဂိုဒေါင်မှာအရောင်းအဝယ်လုပ်တယ်။ နေ့ခင်း အရောင်းအဝယ်လုပ်တယ်။ ပစ္စည်းတွေကို ချိန်တွယ်တာကလည်း လှည်းကူးတိုးဂိတ်မှာ ချိန်တာ။ ဒါကြောင့် ဖြစ်စဉ်ဟာ မရိုးမဖြောင့်တဲ့သဘောမရှိဘူး။ ရဲက စုံစမ်းစစ်ဆေးမှု လုပ်ရမယ်ဆိုတာကို အငြင်းမပွားလိုပေမဲ့ ကာယကံရှင် ရောင်းသူ ၃ ယောက်မှာ ၂ ယောက်က လွတ်တယ်။ တစ်ယောက်က ဖမ်းမိတယ်ဆိုတာ ရှိပြီး အဖမ်းခံရသူကလည်း ဝယ်တာ ဖြစ်တယ်လို့ ထွက်ဆိုပြီး ဖြစ်တာကြောင့် ရောင်းသူကလည်း သဘောရိုးနဲ့ ရောင်းတာ ဖြစ်တယ်။တန်ရာတန်ကြေးနဲ့ ဝယ်တယ်။ နေ့ခင်း ရောင်းတယ်။ အဲလိုမျိုး ရိုးဖြောင့်တာ ပေါ်လွင်ပါလျက်နဲ့ ခိုးမှုဖြစ်ပါတယ်လို့ တိုင်ထားတိုင်း သဘောရိုးနဲ့ ဝယ်သူကို သူခိုးဆိုပြီး ဖမ်းတယ်ဆိုတာမျိုးက မေးခွန်းထုတ်စရာ ဖြစ်တယ်။ စုံစမ်းရမယ်ဆိုတာ ဟုတ်ပေမဲ့ အာမခံပေးပြီး ပူးပေါင်းဆောင်ရွက်ရမယ့် အနေအထားသာ ဖြစ်ပါတယ်”ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။