




၇.၅.၂၀၂၅
Written By Thandar
Power Lucky Production က Suspense ဇာတ်လမ်းပုံစံ “လောကဓံ”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ မေလ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ ပါတယ်။
“ကျွန်တော်က ဒီဇာတ်ကားမှာ Music ကို ရူးသွပ်တဲ့သူတစ်ယောက်ပေါ့နော်။ မိုက်ခဲဆိုတဲ့ နှစ်ကောင်ကြွက်လို့ပြောလို့ရတယ်။ ညီမလေးတစ်ယောက်နဲ့ ဘဝကိုဖြတ်သန်းရတာပေါ့နော်။ ကာရိုက်တာ ပီပြင်ဖို့ ဆံပင် တုတွေ သေချာလုပ်ခဲ့ရပါတယ်။ လောကဓံဆိုတဲ့အတိုင်း လူငယ်တွေက သူတို့ ကျရောက်လာကြတဲ့ လောကဓံ အပေါ်မှာ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတဲ့ အဖြေကို ပြောပေးမယ့် ဇာတ်လေးပါ။ ရှောင်လွှဲလို့မရတဲ့ လောကဓံတွေကလည်း ရှိတာမို့လေ။ သရုပ်ဆောင်တွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်လေးက ဆန်းတာလေးပါမယ်ပေါ့”လို့ ကျော်ထက်အောင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း မိုးစက်ဝိုင်း၊ DOP မင်းမင်းကျော်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ စိုးမိုးမင်းက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ရှင်မွေလ၊ ဘုန်းမင်းနေလ၊ ဟိန်းသီဟ၊ ဝိုင်းအုပ်စိုးအောင်၊ ရွှေသမီး၊ မေဂရေ့စ်၊ ပန်းဆုဟေသီ၊ ရှင်ပြုံးခင်၊ ကျော်ဇေယျ၊ ကျော်ဇင်ထွဋ်၊ မင်းရဲစည်သူ၊ ရဲသူ၊ နေမျိုးအောင် (အထူးသ ရုပ်ဆောင်သည်)တို့က ပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးကိုတော့ တေးရေး တေးဆို ညီမင်းခိုင်က ရေးသားပုံဖော်ထားတာ လည်းဖြစ်ပါတယ်။
“လောကဓံ” ရုပ်ရှင်ဇာတ်ကားကြီးကိုလာမယ့် မေလ ၁၉ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
