




၇. ၅. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီကျော်တွင် ရုရားနိုင်ငံ၊ မော်စကိုမြို့၊ အမှတ်(၂) ဘနုကာဘာအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ရုရှားနိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။
SAC ဥက္ကဋ္ဌသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်ရန်အတွက် ယနေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို တက်ရောက်ခြင်း၊ အခမ်းအနားကို တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှသည် ရုရှားဖက်ဒရေးရှင်းကောင်စီ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko ၏ ဖိတ်ကြားချက်အရ SAC ဥက္ကဋ္ဌနှင့်အတူ တစ်ပါတည်းလိုက်ပါသွားပြီး ခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် SAC ဥက္ကဋ္ဌသည် တရုတ်သမ္မတအပါအဝင် အခြားကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ မော်စကိုမြို့၌ ကျင်းပမည့် အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်မည်ဖြစ်သည့်အပြင် ရုရှားစစ်သားများနှင့်အတူ မြန်မာ့တပ်မတော်ကလည်း ရင်ပြင်နီတွင် စစ်ရေးပြချီတက်မည်ဖြစ်သည်။ (Photo – One News)
